ဘင်္ဂလီ ၁၀ဦး အသတ်ခံရမှုအတွက် တပ်မတော်က အရေးယူမည့်အပေါ် အကောင်းဘက်မှ ဒေါ်စု ရှုမြင်

ဘင်္ဂလီ ၁၀ဦး အသတ်ခံရမှုအတွက် တပ်မတော်က အရေးယူမည့်အပေါ် အကောင်းဘက်မှ ဒေါ်စု ရှုမြင်
ပူးတွဲသတင်းစာရှင်းလင်းပွဲအပြီး လက်ဆွဲနှုတ်ဆက်နေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Taro KONO (ဓာတ်ပုံ- Hein Htet/POOL)

နေပြည်တော်(ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၈ခုနှစ်)။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အင်းဒင်ကျေးရွာတွင် ဘင်္ဂလီ ၁၀ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်၌ တပ်မတော်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အရေးယူမှုများ ဆက်လက်လုပ်ဆောင်မည့်အပေါ် အပေါင်းလက္ခဏာဆောင်သည့် ခြေလှမ်းသစ်အဖြစ် ရှုမြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“တပ်မတော်ကနေပြီးတော့ စိစစ်ပြီးတော့ အရေးယူသင့်တာတွေ အရေးယူမယ်ဆိုတာ ကျွန်မတို့နိုင်ငံအတွက် ခြေလှမ်းအသစ်တစ်ခုကို  ရှေ့ကိုလှမ်းတာလို့ ကျွန်မကတော့ ဒီလိုပဲ မြင်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်တွင် ဇန်နဝါရီ ၁၂ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံမှုအပြီး ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂါလီ ၁၀ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်တွင် တွေ့ရှိခဲ့သည့် ရုပ်အလောင်း ၁၀လောင်းသည် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရုပ်အလောင်းများဖြစ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာသားအချို့က သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယခုလ ၁၀ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“နိုင်ငံတစ်နိုင်ငံဟာ ကိုယ့်နိုင်ငံအတွင်းမှာ ရှိတဲ့ တရားဥပဒေစိုးမိုးရေးကို ကိုယ့်ဟာကိုယ် တာဝန်ယူရမှာပါ။ အဲဒီတော့ ဒါဟာ ကိုယ့်ဟာကိုယ် တာဝန်ယူတဲ့နေရာမှာ တာဝန်ယူတဲ့လမ်းကြောင်းအပေါ်မှာ စပြီးလှမ်းတယ်ဆိုတာကတော့ ကျွန်မတို့ကနေပြီးတော့ အပေါင်းလက္ခဏာနဲ့ အမြင်ရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် အင်းဒင်ကျေးရွာမှ ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ပါဝင်ပတ်သက်သူရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) အား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အရေးယူမှုများ ပြုလုပ်သွားမည့် တပ်မတော်၏ လုပ်ဆောင်ချက်သည် “နောင်ဒီလိုကိစ္စမျိုး မဖြစ်အောင်လို့ အဟန့်အတားတစ်ခုအနေနဲ့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍လည်း ပြင်ဆင်သင့်သည့်ကိစ္စများကို ပြင်ဆင်နေပြီဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သေးသည်။

“အရေးကြီးတာကတော့ ရေရှည်မှာ ရခိုင်ပြည်နယ်မှာ နေထိုင်မယ့် ကျွန်မတို့ ပြည်သူပြည်သားတွေ အားလုံးကြားထဲမှာ သင့်မြတ်မှုရှိဖို့၊ ခင်မင်မှု ရှိဖို့၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ရှိဖို့ပါပဲ။ အဲ့ဒါကို ကျွန်မတို့ အလေးထားပြီးတော့ လုပ်ရပါတယ်” ဟု သူမက ဆိုသည်။

ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Taro KONO ကလည်း ဒုက္ခသည် လက်ခံရေးနှင့်ပတ်သက်ပြီး လူ့အသိုင်းအဝိုင်းအကြား ခွဲခြားဖို့ မဟုတ်ဘဲ ပြန်လည်သင့်မြတ်ရေးအတွက် ဂရုစိုက်ပြီး လုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly