နေပြည်တော်လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းသူများကို မနက်ဖြန် ရုံးထုတ်မည်

နေပြည်တော်လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းသူများကို မနက်ဖြန် ရုံးထုတ်မည်
ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်ကို ထိန်းသိမ်းထားသည်ဆိုသည့် ပျဉ်းမနားအချုပ်ထောင်အား ၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၂၈ရက်၊ မွန်းလွဲပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ အောက်တိုဘာ ၂၇ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦအား ဒရုန်း(Drone) ဖြင့် ရိုက်ကူးရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးခံထားရသူ ၄ဦးကို ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် မနက်ဖြန် ရုံးထုတ်မည်ဟု နေပြည်တော် အမှတ်(၅)ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းက အတည်ပြုသည်။

ဖမ်းဆီးခံထားရသူများမှာ တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့ စုစုပေါင်း (၄)ဦးဖြစ်ပြီး ဖမ်းဆီးထားသည်မှာ ၁၄ရက်ပြည့်မြောက်သည့် မနက်ဖြန်တွင် ရုံးထုတ်မည် ဖြစ်သည်။

၎င်းတို့ လေးဦးစလုံးကို ထောင်ဒဏ် ၃နှစ်အထိ ချမှတ်နိုင်သော ပို့ကုန်သွင်းကုန်ဥပဒေ၊ ပုဒ်မ(၈)ဖြင့် အမှတ်(၅)ရဲစခန်းတွင် အမှုဖွင့်ပြီးနောက် ဖမ်းဆီးထားခြင်းလည်းဖြစ်သည်။

“ရမန်ပြည့်တဲ့အတွက် ရုံးထုတ်တာပါဗျ။ ပြောရမယ်ဆိုရင် ဒါကတော့ ကျွန်တော်တို့က တရားစွဲမှာပဲလေ။ လွတ်မယ်၊ မလွတ်ဘူးဆိုတာတော့ တရားသူကြီးရဲ့ စီရင်ပိုင်ခွင့်အပေါ်မှာပဲ မူတည်မယ်။ ကျွန်တော်တို့ကတော့ အပြည့်အစုံလုပ်ပြီး တရားစွဲမှာပဲလေ” ဟု အမှတ်(၅)ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံထားရသူ ၄ဦးအနက် နိုင်ငံခြားသား သတင်းထောက်(၂)ဦးနှင့် မြန်မာ ၂ဦးကို သီးခြားစီ ထိန်းသိမ်းထားသည်ဟုသာ သတင်းရပြီး မိသားစုများမှာ ယနေ့အချိန်ထိ တွေ့ခွင့်မရခဲ့ပေ။

“လေးငါးကြိမ်လောက် ကြိုးစားတယ်။ ဒါပေမယ့် တွေ့ခွင့်မရဘူး။ သူတို့က ဘာပဲပြောလည်းဆိုတော့ စစ်ကြောရေးပြီးရင် ရုံးချိန်းထုတ်တဲ့အခါကျရင် တွေ့ခွင့်ရမယ်။ ဒီကြားထဲမှာတော့ တွေ့လို့မရနိုင်ဘူးလို့ အဲ့စကားတစ်ခွန်းကိုပဲ ပြောတယ်” ဟု ကိုအောင်နိုင်စိုး၏ မိဘများနှင့်အတူ အမှုကို လိုက်ပါဆောင်ရွက်နေသူ ကိုရဲထူးက ဆိုသည်။

အခြားဖမ်းဆီးခံထားရသူတစ်ဦးဖြစ်သူ ယာဉ်မောင်း ဦးလှတင်၏ သားသမီး ၃ယောက်နှင့် ဇနီးဖြစ်သူတို့မှာ လက်ရှိတွင် စားဝတ်နေရေးအတွက် အခက်အခဲရှိနေသည်ဟုလည်း ကိုရဲထူးက ပြောသည်။

“သားသမီးသုံးယောက်ရှိတယ်ဗျ။ ကျူရှင်စရိတ်တို့၊ စားဝတ်နေရေးတို့ အခက်အခဲရှိလာတယ်လို့ ကျွန်တော့ကို ပြောပြတယ်ဗျ။ သူတို့က သူ့ယောကျ်ားကို မှီတည်ပြီး စားနေရတာ” ဟု ၎င်းက ပြောပြသည်။

၎င်းတို့၏ အမှုကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ မီဒီယာအဖွဲ့အစည်းများအနေဖြင့် ယနေ့အချိန်အထိ တစ်စုံတစ်ရာ တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိကြောင်းလည်း ကိုရဲထူးက ပြောသည်။

မနက်ဖြန်ရုံးချိန်တွင် ဖမ်းဆီးခံထားရသူများ လွတ်နိုင်ချေ ရှိ၊ မရှိကိုမူ “ယတိပြတ်တော့ ပြောမရဘူး။ ဘာတွေစစ်ထားမှန်း ကျွန်တော်မသိဘူးလေ” ဟု ဖမ်းဆီးခံထားရသူများဘက်က လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်သည်။

ဖမ်းဆီးခံထားရသူများကို မိသားစုများနည်းတူ ဦးခင်မောင်လည်း တွေ့ခွင့်မရပေ။

တူရကီနိုင်ငံ အခြေစိုက် စင်္ကာပူရုံးခွဲ TRTသတင်းဌာနမှ မလေးရှားနိုင်ငံသူတစ်ဦး၊ စင်္ကာပူနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင််ငံသားများဖြစ်သည့် စကားပြန်တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး စုစုပေါင်း ၄ဦးပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၁၀နာရီခန့်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)အနီး၌ ဒရုန်းတစ်စင်းအား လွှတ်တင်နေ ကြောင်း ဆက်သွယ်အကြောင်းကြားချက်အရ ရဲမှူးဆန်းအောင် ဦးဆောင်သော အဖွဲ့က သွားရောက်စစ်ဆေးရာ ၎င်းတို့လေးဦးနှင့်အတူ MAVIC အမျိုးအစား ဒရုန်းခဲရောင်နှင့် Remote Control အားတွေ့ရှိရသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒရုန်း မောင်းနှင်မှုများနှင့်ပတ်သက်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က “ဒရုန်းက လောလောဆယ်သုံးနေတာတွေတော့ ဆင်ခြင်ဖို့ပေါ့။ အမြင့်တို့၊ နောက်တစ်ခါ ပတ်ဝန်းကျင်တို့။ ပတ်ဝန်းကျင်ဆိုတာ ဥပမာ- လေဆိပ်နားတော့ မနီးဖို့ လိုတာပေါ့။ ကျန်တဲ့ အစိုးရအဆောက်အဦတွေ၊ တာဝါတိုင်တွေ၊ ဘာညာတွေတော့ မထိခိုက်ဖို့ လိုတာပေါ့။ ဒီဟာက တားမြစ်၊ ပိတ်ပင်ဖို့တော့ မရှိပါဘူး။ ဒါပေမယ့် စနစ်တကျသုံးစွဲဖို့တော့ ဘယ်ဟာဖြစ်ဖြစ် လိုတာပေါ့။ နိုင်ငံတကာမှာလည်း သုံးနေတာပဲလေ” ဟု နိုဝင်ဘာ ရရက်တွင် မဇ္ဈိမအပါအဝင် မီဒီယာတစ်ချို့၏ မေးမြန်းမှုကို ဖြေကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags