One Championship

မြန်မာပြည်စမတ်ဖုန်းဈေးကွက်တွင် ထိပ်တန်းဖြစ်လာမည်ဟု နိုကီရာ (Nokia) မျှော်မှန်း

.

 " မျိုးဆက်သစ် နိုကီရာ (Nokia) စမတ်ဖုန်းများကို မြန်မာပြည်ဈေးကွက်သို့ မိတ်ဆက်ပေးနေသည်ကို မြင်တွေ့ရစဉ်" Credit: HMD Global

ရန်ကုန်၊ ဇူလိုင် ၂၇ ။           ။ နိုကီရာ (Nokia) သည် မြန်မာပြည်၏ စမတ်ဖုန်းရောင်းချမှုအမှတ်တံဆိပ်များ ထိပ်တန်းစာရင်းတွင် ပါဝင်လာရန် မျှော်မှန်းထားသည်ဟု မျိုးဆက်သစ် နိုကီရာ (Nokia) စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချမည့် ဖင်လန်နည်းပညာကုမ္ပဏီ HMD Global ၏ အာရှပစိဖိတ် ဈေးကွက်ဆိုင်ရာ ဦးဆောင်သူ Shane Chiang က မဇ္ဈိမကို ပြောသည်။

"နောက်နှစ် မြန်မာပြည်ရဲ့ ဈေးကွက်မှာ ကျွန်တော်တို့ အမှတ်တံဆိပ်အနေနဲ့ နံပါတ် ၂ ဒါမှမဟုတ် နံပါတ် ၃ အဆင့်မှာ ရောက်လာမယ်လို့ ထင်တယ်၊ ဒီအတွက်လည်း ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်" ဟု Shane Chiang က ဆိုသည်။

ထိုသို့ ထိပ်တန်းအဆင့်ဖြစ်လာရန်အတွက် HMD Global အနေနှင့် မြန်မာပြည်ဈေးကွက်အတွင်း ကြီးမားသည့် စိန်ခေါ်မှု မရှိပေမယ့် ကောင်းမွန်သော စိန်ခေါ်မှုက အမှတ်တံဆိပ်ကို ပြည်တွင်းဈေးကွက်ထဲသို့ ဘယ်လို ပြန်လည်မိတ်ဆက်ရမလဲ ဆိုတာဖြစ်သည်ဟု သိရသည်။

"လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာဈေးကွက်ထဲမှာ မိုဘိုင်းဖုန်းဈေးကွက်က ၁၀ သန်းကနေ ၁၅ သန်းလောက် အထိ ရှိတယ်။  ဒါဟာ နိုကီရာ (Nokia) အတွက် ကြီးမားတဲ့ အခွင့်အလမ်းပဲဗျ" ဟု HMD Global အာရှပစိဖိတ် ဈေးကွက် ဦးဆောင်သူ Shane က ဆိုသည်။

အလားတူပင် နိုကီရာ (Nokia) အနေနှင့် နောက်ထပ် ၅ နှစ်ထဲမှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်၌ အဆင့် ၃ ဖြစ်လာတော့မည်ဟု Shane က ဖြည့်စွက်ပြောဆိုထားသည်။

ခေတ်ဦးမိုဘိုင်းဖုန်းဈေးကွက်၌ ရှေ့ပြေးဖြစ်ခဲ့သော နိုကီရာ (Nokia) သည် ယခုအခါ Android စမတ်ဖုန်းများကို တီထွင် ဆန်းသစ်လျက် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ရင်း မြန်မာပြည်ဈေးကွက်သို့ အာရုံစိုက်လာသည်။

"ကျွန်တော်တို့ ဖုန်းရဲ့ အင်္ဂါရပ်အရရော၊ နည်းပညာအရရော အထိခိုက်ခံမှာ မဟုတ်ပါဘူး၊ ယနေ့ကမ္ဘာရဲ့ လိုအပ်ချက် အတိုင်း ဖန်တီးထုတ်လုပ်ထားပါတယ်" ဟု HMD Global ၏ မလေးရှားနှင့် မြန်မာ ၂ နိုင်ငံ၏ မန်နေဂျာ Vijay Thangavelu က မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် နိုကီရာ (Nokia) အနေနှင့် မြန်မာပြည်ဈေးကွက်အတွင်း Nokia 3, Nokia 5, Nokia 6 နှင့် Nokia 3310 စမတ်ဖုန်း များကို ဇူလိုင်လ နောက်ဆုံးပတ်က တရားဝင် ပြန်လည်မိတ်ဆက်ခဲ့ပြီး ယင်းအမျိုးအစားအားလုံးသည် သုံးစွဲသူအကြိုက်ပေါ်မူတည်၍ မဟာဗျူဟာမြောက်လျက်ရှိသည်ဟု HMD Global က ပြောသည်။

ယင်းစမတ်ဖုန်းများ၏ ဈေးနှုန်းများသည် လူအများ တတ်နိုင်သည့် ဈေးဖြစ်သည်ဟု သိရသည်။

Vijay က ဆက်လက်ပြီး "မျိုးဆက်သစ် နိုကီရာ စမတ်ဖုန်းတွေကို မလေးရှား၊ ထိုင်းအပါအ၀င် အာရှပစိဖိတ် ဈေးကွက်ထဲမှာ မိတ်ဆက်ပေးအပြီး ၂ ပတ်ကြာတဲ့အချိန်မှာ မြန်မာပြည်ဈေးကွက်ထဲကို ကျွန်တော်တို့ တရားဝင် ၀င်ရောက်လာတာပါ။ မြန်မာ့ဈေးကွက်က နောက်မကျပါဘူး" ဟု ပြောသည်။

မျိုးဆက်သစ် နိုကီရာ (Nokia) စမတ်ဖုန်းနှင့် တက်ဘလက်အမှတ်တံဆိပ် လိုင်စင်ကို ဖင်လန်နိုင်ငံအခြေစိုက် HMD နည်းပညာကုမ္ပဏီမှ ၀ယ်ယူထားပြီး ကုမ္ပဏီအနေနှင့် ဒီဇိုင်း၊ အရည်အသွေးနှင့် ဈေးကွက်အပိုင်း စသည်တို့ကို တာဝန်ယူ လုပ်ကိုင်နေခြင်းဖြစ်သည်။

မြန်မာပြည်ဈေးကွက်သို့ တင်သွင်းရောင်းချမည့် နိုကီရာ (Nokia) စမတ်ဖုန်းများသည် ထိုင်ဝမ်အခြေစိုက် နည်းပညာနှင့် အီလက်ထရောနစ်ကုမ္ပဏီ Foxconn က ထုတ်လုပ်မည့် ဖုန်းများဖြစ်သည်ဟု သိရသည်။