ဇူလိုင်လကုန်တွင် ကြည့်ရှုရတော့မည့် ည ရုပ်ရှင်ဇာတ်ကား

ဇူလိုင်လကုန်တွင် ကြည့်ရှုရတော့မည့် ည ရုပ်ရှင်ဇာတ်ကား

ရန်ကုန် ၊ ဇူလိုင် ၁။       ။ Good Old Days ရုပ်ရှင် ထုတ်လုပ်ရေး မှ စီစဉ် တင်ဆက်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားသည့် "ည" ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လကုန်တွင် မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသ သွားတော့မည် ဖြစ်သည်။

 ဇူလိုင်လကုန်တွင် ရုံတင်ပြသမည့် "ည" ရုပ်ရှင်ဇာတ်ကားကြီးသည် လူတွေ ပြဿနာ နှင့် ကြုံတွေ့လာ သည့် အခါ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပြောင်းလဲတတ်ပုံတွေကို အခြေခံရိုက်ကူး ထားသည့် (Psychological Thriller Drama) ဇာတ်ကားမျိုး ဖြစ်သည်။

 ဇာတ်လမ်း၊ ဇာတ်ညွှန်း နှင့် ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ချမ်းမင်းရဲထွဋ် ၊ အောင်ရဲထိုက် ၊ Russell ၊ ငြိမ်းသော် ၊ နက်ရှိုင်းကို ၊ နန်းထရေစီ ၊ မိုးယသော် ၊ မေဆူးမောင် ၊ နန်းခေးမို၊ မြတ်နိုးအေးတို့မှ ပါဝင် သရုပ်ဆောင်ထားကြသည်။

ထိုရုပ်ရှင်ဇာတ်ကားကြီးတွင် နာမည်ကြီး သရုပ်ဆောင် တစ်ယောက်မှ မပါဝင်ဘဲ သရုပ်ဆောင်သစ်များဖြင့်သာ ရိုက်ကူးထားခြင်း ဖြစ်သည်။

ည ရုပ်ရှင်ဇာတ်ကားကြီးသည် အချိန် ၁ နှစ်ခန့် ပြင်ဆင်ခဲ့ပြီး အချိန်၂ လကြာ ခန့် ရိုက်ကူးခဲ့ကာ ဇာတ်ကား အတွက် location ရွေးချယ်မှုများကိုလည်း ရုပ်ရှင်ကားများတွင် မပါဝင်ဘူးသေးသည့် နေရာ အသစ်များကို  ရွေးချယ် ရိုက်ကူးခဲ့သည်။

ရုပ်ရှင်ရိုက်ကူးရန် စီစဉ်ကတည်းက ဇာတ်ကောင်နှင့် လိုက်ဖက်သည့် သရုပ်ဆောင်များကို ရွေးချယ်ခေါ်ယူခဲ့ပြီး သရုပ်ဆောင် ၁၀ ယောက်ကို ၁ နှစ်တိတိ ကြိုတင်လေ့ကျင့်မှုများ ၊ ဇာတ်ကောင် စရိုက်ဝင်အောင် စိတ်ပြင်ဆင်ခြင်းများ လုပ်ဆောင်ပြီး ဇာတ်ညွှန်းအရ နေရာ နှင့် ဇာတ်ကောင်များ ခွဲခြမ်းစိတ်ဖြာခြင်း၊ ရိုက်ကွင်း နေရာအသစ်များ ကို ကြိုတင်ရှာဖွေ ပြင်ဆင်ခြင်း တွေ အပြင် Cinematographer၊ ဆံပင်အဖွဲ့၊ မိတ်ကပ်အဖွဲ့၊ ဝတ်စုံအဖွဲ့ များ နှင့် ကြိုတင်ညှိနှိုင်းပြင်ဆင် မှုများ၊ အစမ်းရိုက်ကူးမှုများ လုပ်ဆောင်ခဲ့သည်။

ဇာတ်လမ်းအကျဉ်းကတော့ April Fool နေ့တွင် အချင်းချင်း စနောက်ရင်း မထင်မှတ်သည့် အဖြစ်ဆိုး တစ်ခု ကြောင့် လူသေမှု တစ်ခု ကြုံလိုက်ရသည့် သူငယ်ချင်း တစ်စု ၊ ညဘက် ကားထဲတွင် လွန်လွန်ကြူးကြူး ဖြစ်မိ သွားတာကို ဗီဒီယို ခိုးရိုက်ခံရသည့် စုံတွဲ တစ်တွဲ ၊ လူတွေကို နာကျည်းချက်ကြောင့် ဘဝကို အဆုံးသတ်ဖို့ စဉ်းစားလိုက်သည့် ကောင်မလေး နှင့် သူ့ကို ကယ်လိုက်သည့်   ကောင်လေး တစ်ယောက်။ သူတို့ အားလုံး ၏ ချိတ်ဆက်မှုက အဲဒီ ည မှာပဲ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုခံစားရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly