အမတ်ရဲ့ မေးခွန်းနဲ့ ဒုဝန်ကြီးရဲ့ အဖြေကို မကျေနပ်လို့ လွှတ်တော်ဥက္ကဌကိုယ်တိုင် မေးခွန်းမေး

အမတ်ရဲ့ မေးခွန်းနဲ့ ဒုဝန်ကြီးရဲ့ အဖြေကို မကျေနပ်လို့ လွှတ်တော်ဥက္ကဌကိုယ်တိုင် မေးခွန်းမေး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန် ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ စီမံကိန်းမလုပ်ဘဲ သိမ်းဆည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကိုယ်တိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအား မေးခွန်း ထုတ်လိုက်သည်။

ဇွန်လ ၁၂ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒက္ခိဏသီရိမြို့နယ်အမတ် ဦးသန့်ဇင်ထွန်းက ၎င်း၏ မြို့နယ်အတွင်း သိမ်းဆည်းမြေများအပေါ် မေးခွန်း မေးမြန်းခဲ့ရာ စိုက်/မွေး/ဆည် ဒုဝန်ကြီး ဦးလှကျော်က လာရောက် ဖြေကြားခဲ့ပြီး အဆိုပါ မေးမြန်း၊ ဖြေကြားမှုများအပြီးတွင် ဦးဝင်းမြင့်က ဒုဝန်ကြီးအား ထပ်မံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဒက္ခိဏသီရိမြို့နယ်တွင် ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၁ခုနှစ်က အကောင်အထည်ဖော်ခဲ့သည့် စိန်တလုံး သရက်ဇုန် စီမံကိန်းအပါအဝင် ပုဂ္ဂလိကနှင့် ကုမ္ပဏီအဖွဲ့အစည်း (၆၉)ခုအား လုပ်ကိုင်ခွင့်ပြုခဲ့သည့် မြေဧက ၄၇၀၀ကျော်တွင် ဒေသခံတောင်သူများ၏ လယ်ယာမြေများ ပါဝင်ခဲ့သည်ဟု ဦးသန့်ဇင်ထွန်းက လွှတ်တော်တွင် ပြောသည်။

လုပ်ကိုင်ခွင့်ရ ပုဂ္ဂလိကနှင့် ကုမ္ပဏီများအနက် “အချို့မှာ နစ်နာကြေးနှင့် ထောက်ပံ့ကြေး ပေးမှု မရှိခြင်းနဲ့ အချို့မှာ နစ်နာကြေးနှင့် ထောက်ပံ့ကြေးပေးမှု မရှိတဲ့အပြင် တရားစွဲဆို ထောင်ကျစေခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် သိမ်းဆည်းမြေများနှင့်ပတ်သက်၍ မူလတောင်သူများ နစ်နာမှု မရှိစေရန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးပါရန် ဦးသန့်ဇင်ထွန်းက မေးမြန်းခဲ့သည်။

လာရောက်ဖြေကြားသည့် ဒုဝန်ကြီး ဦးလှကျော်က ဦးသန့်ဇင်ထွန်း မေးမြန်းသည့် ဒက္ခိဏသီရိမြို့နယ်အပြင် မေးခွန်းတွင် မပါရှိသည့် ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုပ်ကိုင်ခွင့်ပြုခဲ့သည့် မြေဧရိယာများကိုပါ ထည့်သွင်းဖြေကြားခဲ့သည်။

ဦးလှကျော်၏ ပြောကြားချက်အရ ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် (၂)ခုပေါင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် စုစုပေါင်း ဧရိယာ ၆၉၂၄ဒဿမ ၇၂ ဧက အား ထိုစဉ်က လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ဧရိယာ ၁၈၀၃ဒဿမ ၂၅ဧကမှာမူ လက်ရှိအချိန်ထိ စီမံကိန်း ဆောင်ရွက်ခြင်း မရှိဟု ဆိုသည်။

ဇွန်လ (၂)ရက်က ကျင်းပခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ အစည်းအဝေးအရ (၄)နှစ် ပြည့်မြောက်သည်အထိ စီမံကိန်း လုပ်ကိုင်မှု မရှိသည့် ဧရိယာများကို လုပ်ပိုင်ခွင့်ပြန်လည် ရုပ်သိမ်းရန် ဆုံးဖြတ်ထားသည်ဟုလည်း ဦးလှကျော်က ဖြေကြားသည်။

ဦးလှကျော်၏ ဖြေကြားမှုအပြီးတွင် ဦးသန့်ဇင်ထွန်းက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီတွင် လွှတ်တော်အမတ်များနှင့် မူလပိုင်ရှင်များက ပါဝင်ဆောင်ရွက်ခွင့် မရှိသည့်အတွက် ပါဝင်ခွင့်ရအောင် ညွှန်ကြားပေးပါရန်  ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။

အဆိုပါ ဆက်စပ်မေးခွန်းအား ဒုဝန်ကြီး ဦးလှကျော်က “လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြချက်နဲ့အညီ ကျနော်တို့ အောက်ခြေမှာရှိတဲ့ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ ဒီအဖွဲ့အစည်းတွေကိုလည်း စနစ်တကျ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ဆက်စပ်မေးခွန်းကိုပြန်လည်ဖြေကြားအပ်ပါတယ်” ဟုသာ ဆက်စပ်မေးခွန်းနှင့် ကိုက်ညီမှုမရှိဘဲ ပြန်လည် ဖြေကြားသည်။

ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဥက္ကဌအဖြစ် တာဝန်ယူထားသော လယ်ယာမြေနှင့်အခြေမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီအနေဖြင့်မူ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး ကော်မတီများတွင် လွှတ်တော်အမတ်များ အသီးသီး ပါဝင်ရမည်ဟု ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။

ထို့ကြောင့် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “သက်ဆိုင်ရာပုဂ္ဂိုလ်တွေ တချို့က နဂိုတုန်းက (မြေ)သိမ်းခဲ့တုန်းကလည်း ပါခဲ့တဲ့အခါကြတော့ အဲ့ဒီလိုပဲ လှည့်ရေးဦးမှာ၊ အဲ့ဒါကြောင့်မို့ ကိုယ်စားလှယ်တွေကို ပါခိုင်းထားတာ။ အဲ့လောက် ရှင်းအောင်ပြောရမှာလား။ အဲ့တာကို ပါခိုင်းထားတာ အလကားသက်သက် ကိုယ်စားလှယ်တွေကို ပါခိုင်းထားတာမဟုတ်ဘူး။ မှန်မှန်ကန်ကန် တရားမျှမျှတတဖြစ်အောင်လို့ အဲ့လိုမတရားအသိမ်းခံရတဲ့ပုဂ္ဂိုလ်တွေ မူလအသိမ်းခံရတဲ့ ပုဂ္ဂိုလ်တွေ ပြန်ရအောင်လို့” ဟု ပြောသည်။

ဆက်စပ်မေးခွန်းအပေါ် ဒုဝန်ကြီး၏ ပြန်လည် ဖြေကြားမှုကိုလည်း “ဒီအဖြေတွေက နားကြားပြင်းကတ်တယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ယင်းအပြင် “ကျနော်မေးပါမယ်။ အခုန ဝန်ကြီးဋ္ဌာန ဖြေသွားတယ်။ စီမံကိန်းမရှိတဲ့၊ စီမံကိန်းမလုပ်ဖြစ်တဲ့ ဧရိယာ ဘယ်လောက်ဘယ်လောက် ကျန်ပါတယ်လို့ ပြောသွားတယ်။ မူမှာ စီမံကိန်းမရှိရင် စီမံကိန်းမလုပ်ဖြစ်ရင် မူလတောင်သူတွေကို မှန်မှန်ကန်ကန်ပြန်ပေး ရမယ်။ ဒါဟာမူပဲ။ ကျနော်တို့ ကောင်းကောင်းသိတယ်။ ဒီကိစ္စကို။ အဲ့ဒီတော့ စီမံကိန်းမလုပ်ဘူး ။နောက်မှလုပ်မယ်ဆိုလို့ မရဘူး။ ကျနော်တို့ နောက်လုပ်ပါမယ်။ ဘယ်တော့လုပ်ပါမယ် မရဘူး။ အခုစိစစ်တဲ့အချိန်မှာ စီမံကိန်းမရှိရင် ပြန်ပေးရမယ်။ အဲ့ဒီလိုပြန်ပေးဖို့ စီမံကိန်းမရှိတဲ့ဟာတွေကို ပြန်ပေးဖို့ ဝန်ကြီးဋ္ဌာနအနေနဲ့ အစီအစဉ်ရှိမရှိသိလိုပါတယ်” ဟူ၍ ဦးဝင်းမြင့်က မေးမြန်းခဲ့သည်။

ယခုလဆန်းပိုင်းတွင် ပြုလုပ်ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ “စနစ်တကျမြေပြင်အခြေအနေကို ကျနော်တို့စိစစ်ပြီး ပြန်လည်ပေးအပ်နိုင်တဲ့အခွင့်အလမ်းရှိတဲ့ မြေတွေကို ကျနော်တို့ပြန်လည်ပေးအပ်မယ်။ နောက်တခါမြေစစ်ကိုလည်း တင်ပြပြီး ဆက်လက် စီမံခန့်ခွဲဆောင်ရွက်သွားဖို့ စီစဉ်ပြီး ဖြစ်ပါကြောင်းလေးစားစွာ တင်ပြအပ်ပါတယ်” ဟု ဒုဝန်ကြီး ဦးလှကျော်က ပြန်လည် ဖြေဆိုသည်။

သို့သော် ၂၀၁၂ခုနှစ်က ပြဌာန်းခဲ့သည့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေ၊ နည်းဥပဒေများသည် ယင်းဥပဒေများ အာဏာတည်သည့်နေ့ကစပြီး နောက်ပိုင်း ကိစ္စများနှင့်သာ သက်ဆိုင်သည်ဟု ဦးဝင်းမြင့်က ဆိုသည်။

“ဥပဒေအာဏာသက်ရောက်တဲ့ နေ့ကစပြီး နောက်ပိုင်း ကိစ္စနဲ့ပဲ သက်ဆိုင်တယ်။ ဥပဒေမပြဋ္ဌာန်းခင်က ၈၈ ကနေ အဲ့ဒီအထိ ဥပဒေမဲ့သိမ်းတာတွေနဲ့ မသက်ဆိုင်ဘူး” ဟု ၎င်းက ပြောသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly