လွှတ်တော်အမတ်များ အခွင့်အရေးဆုံးရှုံးနေဟု မြေပုံမြို့နယ် အမတ် ထောက်ပြ

လွှတ်တော်အမတ်များ အခွင့်အရေးဆုံးရှုံးနေဟု မြေပုံမြို့နယ် အမတ် ထောက်ပြ
မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန် ၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ အစိုးရအနေဖြင့် လွှတ်တော်အမတ်များ၏ ကြယ်ပွင့်ပြမေးခွန်းအား လက်ခံရရှိသည့်နေ့မှစ၍ ၁၄ရက်အတွင်း လာရောက်ဖြေကြားရမည်ဟု ပြဌာန်းထားသော်လည်း တစ်နှစ်နီးပါး ကြာချိန်အထိ လာရောက်ဖြေကြားခြင်းမရှိသည်ကို ကြုံတွေ့နေရသည်ဟု မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက  ထောက်ပြ ဝေဖန်လိုက်သည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ လွှတ်တော်ပုံမှန်အစည်းအဝေးတစ်ခုတွင် လွှတ်တော်အမတ်တစ်ဦးသည် ကြယ်ပွင့်ပြမေးခွန်း(၅)ခုအထိ မေးမြန်းခွင့်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မေးခွန်း လက်ခံရရှိသည့်နေ့ကစ၍ ၁၄ရက်အတွင်း ဖြေကြားရမည်ဟု ပြဌာန်းထားခြင်း ဖြစ်သည်။

သို့သော် “လက်တွေ့မှာ ဒီလိုဖြစ်မလာပါဘူး။ အစည်းအဝေးကြီးသာ ပြီးဆုံးသွားတယ်။ ဝန်ကြီးဌာနက လာမဖြေပါဘူး။ ဒီတော့ လာမဖြေတဲ့ မေးခွန်းတွေကို အစည်းအဝေးမပြီးခင် နောက်လာမယ့်အကြိမ်ကို ပြောင်းရွှေ့ပေးရပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

၎င်းကိုယ်တိုင်ပင် ပြီးခဲ့သည့် စတုတ္ထပုံမှန် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း (၅)ခု မေးမြန်းခဲ့သော်လည်း သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများက မေးခွန်း (၁)ခုကိုသာ လာရောက်ဖြေကြားခဲ့သည်ဟု ဦးဖေသန်းက ဆိုသည်။

“ကျန်တဲ့ မေးခွန်း (၄)ခုကို ပဉ္စမအကြိမ်ကို ပြောင်းခဲ့ရပါတယ်။ ဒါကြောင့် ဒီအချိန်မှာ မေးခွန်းအသစ် ၁ခုကိုပဲ မေးခွင့် ရခဲ့ပါတယ်။ လက်ကျန်မေးခွန်းတွေမှာဆိုရင် ဒုတိယအကြိမ် မေးခွန် (၁)ခု၊ တတိယအကြိမ် မေးခွန်း (၂)ခု ပါပါတယ်။ ဒုတိယအကြိမ်က မေးခွန်းဆိုရင် တစ်နှစ်နီးပါးကြာပြီ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“ဒီလို အချိန်ကြာလာတာနဲ့အမျှ မေးခွန်းမေးတဲ့ အချိန်က အခြေအနေနဲ့ လက်ရှိအခြအနေဟာ ကွာခြားသွားနိုင်တာကြောင့် မေးခွန်းရဲ့ တန်ဖိုးကို လျော့နည်းစေပါတယ်” ဟုလည်း ဦးဖေသန်းက လွှတ်တော်တွင် ပြောဆိုခဲ့သည်။

ထို့ပြင် မေးခွန်းအချို့အား လွှတ်တော်တွင် လာရောက်ဖြေကြားခြင်း မရှိဘဲ ဝန်ကြီးဌာနများက စာဖြင့်သာ ပြန်လည်ဖြေကြားခြင်းမှာလည်း မဖြစ်သင့်ဟု ၎င်းက ဝေဖန်ခဲ့သေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အစီရင်ခံလိုက်သည့် လွှတ်တော်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး ဝင်ရောက်ဆွေးနွေးစဉ် ဦးဖေသန်းက အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဦးဖေသန်း၏ ဆွေးနွေးချက်များအပေါ် အလေးထားဆောင်ရွက်သွာမည်ဟုလည်း လွှတ်တော်အခွင့်အရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ အောင်မြေသာဇံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာလှမိုးက ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကမူ ဦးဖေသန်း၏ ဆွေးနွေးမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုခဲ့ခြင်း မရှိပေ။

လွှတ်တော်အခွင့်အရေးကော်မတီအနေဖြင့် လွှတ်တော်အမတ်များ၏ နစ်နာချက်၊ အခက်အခဲနှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိအောင် ကြိုးပမ်းပေးသင့်သည်ဟုလည်း ဦးဖေသန်းက ထောက်ပြပြောဆိုသည်။

ရခိုင်အမျိုးသားပါတီမှ ဦးဖေသန်းသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာ ကတည်းက ရွေးကောက်တင်မြှောက်ခြင်းခံရသူဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း မြေပုံမဲဆန္ဒမှာပင် ထပ်မံ အနိုင်ရရှိခဲ့သူ ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly