တရုတ်ဝယ်လက်လျော့ပါးမှုကြောင့် ကျောက်စိမ်းမှရသည့် နိုင်ငံတော်ဝင်ငွေ လျော့နည်းလာဟု ဝန်ကြီး ပြော

တရုတ်ဝယ်လက်လျော့ပါးမှုကြောင့် ကျောက်စိမ်းမှရသည့် နိုင်ငံတော်ဝင်ငွေ လျော့နည်းလာဟု ဝန်ကြီး ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေ ၃၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဓာတ်သတ္တုမှ ရရှိသည့် နိုင်ငံတော်ဝင်ငွေသည် တိုးတက်ရရှိလာသော်လည်း ကျောက်စိမ်း၊ ကျောက်မျက်မှ ရရှိသည့် နိုင်ငံတော်ဝင်ငွေမှာမူ ယခင် ဘဏ္ဍာရေးနှစ်ကထက် လျော့နည်းသွားကြောင်း သတင်းရရှိသည်။

မေလ ၃၁ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ NLD ကိုယ်စားလှယ် ဦးခင်ချို၏ “နိုင်ငံ၏ ဝင်ငွေအဖြစ် အားထားနေရသော မြေအောက်သယံဇာတများ ထုတ်ယူရရှိမှု အခြေအနေ၊ နိုင်ငံတော်မှ နှစ်စဉ်ရရှိနေသော ဝင်ငွေ အခြေအနေများနှင့် ပတ်သက်၍ ရရှိသော ရာခိုင်နှုန်းနှင့် ထုတ်လုပ်တန်ဖိုးပေါင်းမှာ နိုင်ငံ့ GDP အပေါ် နှစ်အလိုက် ရာခိုင်နှုန်း မည်မျှစီ ရရှိကြောင်း၊ ကြွေးကျန် အခြေအနေ၊ အပြည့်အဝ ကောက်ခံရရှိရေး ဆောင်ရွက်ထားမှု အခြေအနေ၊ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုများကို ဖမ်းဆီးဖော်ထုတ်နိုင်မှု၊ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုများကို ဖမ်းဆီးဖော်ထုတ်နိုင်မှု၊ ဖမ်းဆီးရရှိသော ခန့်မှန်းတန်ဖိုးနှင့် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းချပြနိုင်ခြင်းရှိ၊ မရှိ” ဟူ၍ မေးမြန်းခဲ့သည်။

ထိုမေးခွန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်တွင် လာရောက်ဖြေကြားရာ ကျောက်စိမ်း၊ ကျောက်မျက်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဝင်ငွေ ကျပ်သန်းပေါင်း ၃၅၈၉၁၉ဒဿမ ၃၂၉ ရရှိခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ ကျပ်သန်းပေါင်း ၂၈၇၀၉၄ဒဿမ ၀၅၆ သာ ရရှိကြောင်း ဖြေကြားခဲ့သည်။

ထိုသို့ ဝင်ငွေရရှိမှု လျော့နည်းလာသည့်အပေါ် ဝန်ကြီး ဦးအုန်းဝင်းက “ဘာ့ကြောင့် ကျောက်စိမ်းအနေနဲ့ လျော့သွားသလဲ ဆိုလို့ရှိရင် တရုတ်ပြည်မကြီးရဲ့ ဝယ်လက်အားက အကြောင်းအမျိုးမျိုးကြောင့် လျော့ပါးသွားတာကြောင့် ဖြစ်ပါတယ်” ဟု ဆိုသည်။

ဓာတ်သတ္တုမှာမူ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဝင်ငွေအဖြစ် ကျပ်သန်းပေါင်း ၁၉၉၃၄၁ဒဿမ ၂၅၂ ရရှိခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၄၅၈၃၇၅ အထိ ရရှိခဲ့ကြောင်းလည်း ဝန်ကြီးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly