ငြိမ်းချမ်းရေး ဖန်တီးရှင်တွေ ဖြစ်လာဖို့ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ငြိမ်းချမ်းရေး ဖန်တီးရှင်တွေ ဖြစ်လာဖို့ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေ ၂၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ အာဃာတများနှင့် နာကျည်းချက်များကို အာရုံမထားဘဲ သမိုင်းတွင်ကျန်ရစ်မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံးပါဝင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

“ငြိမ်းချမ်းရေးကို လိုလားတမ်းတကြောင်း စိုးစင်းမျှ သံသယမရှိနိုင်ရလောက်အောင် ပြသကြပါစို့။ ငြိမ်းချမ်းရေးအတွက် နှလုံးသားများကို ခိုင်မာစွာအပ်နှံကြပါစို့။ ကျွန်မတို့တွေဟာ ပြည်တွင်းမှာသာမက၊ နိုင်ငံနယ်နိမိတ်ပေါင်းများစွာ ကျော်ဖြတ်ပြီး ငြိမ်းချမ်းရေးရဲ့ မိတ်ဆွေတွေဖြစ်တယ်၊ ငြိမ်းချမ်းရေးအတွက် မိတ်ဆွေဖွဲ့နိုင်တယ်ဆိုတာ ပြသကြပါစို့။ ကျွန်မတို့တွေဟာ ငြိမ်းချမ်းရေး ဖန်တီးရှင်တွေ ဖြစ်လာဖို့ သန္နိဋ္ဌာန် ချကြပါစို့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်တွင် မေလ ၂၉ရက်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံးနေ့တွင် ထိုသို့ တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

၆ရက်ကြာ ကျင်းပသည့် ညီလာခံမှ အတည်ပြုလိုက်သည့် နိုင်ငံရေးဆိုင်ရာ မူဝါဒ အဆိုပြုချက် ၁၂ချက်၊ ၊ စီးပွားရေးဆိုင်ရာ မူဝါဒ ၁၁ချက်၊ လူမှုရေးဆိုင်ရာမူဝါဒ ၄ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာမူဝါဒ ၁၀ချက် စုစုပေါင်း ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတစ်ရပ်အဖြစ် ယနေ့ လက်မှတ်ရေးထိုးခဲ့သည်။

သဘောတူညီမှုမရသော နိုင်ငံရေးကဏ္ဍတွင် ပါရှိသည့် “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ” ဟူသည့် အချက်နှင့် လုံခြုံရေးကဏ္ဍတွင် ပါရှိသည့် တစ်ခုတည်းသော တပ်မတော်ထားရှိရေး အချက်များကိုမူ ဆက်လက်ကျင်းပမည့် ညီလာခံများတွင် ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်သည်။

“တိုင်းရင်းသားပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင်ရေးဆွဲနိုင်ခဲ့ပါပြီလို့ ပြောနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ငြိမ်းချမ်းရေးရရှိရန် မည်သည့်စွန့်စားမှုမျိုးကိုမဆို ကြောက်ပြီး နောက်တွန့်နေလို့ မဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ပြောဆိုသည်။

“အာဃာတတွေ၊ နာကျည်းချက်တွေ၊ အနာတရတွေကိုပဲ အာရုံထားနေမယ်ဆိုရင် ခြေထောက်မှာ သံလုံးဆွဲပြီး လမ်းလျှောက်တဲ့သူလို ဖြစ်နေမှာပါ။ ကျွန်မတို့ရဲ့ခြေလှမ်းတွေကို နှေးကွေးလေးလံယိုင်နဲ့စေမယ့် အဲဒီအာဃာတတရားတွေကို စွန့်ပစ်နိုင်မှသာ ကျွန်မတို့အနေနဲ့ သွက်သွက်လက်လက် အားမာန်အပြည့်နဲ့ ရှေ့ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

ထို့ပြင် သမိုင်းတွင်ကျန်ရစ်မည့် ငြိမ်းချမ်းရေး လုပ်စဉ်စဉ်တွင် အားလုံး ပါဝင်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သေးသည်။

“ဒီညီလာခံကြီး ထဲကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း ကျွန်မတို့နဲ့အတူတစ်ကွ လက်တွဲပူးပေါင်းပြီး သမိုင်းတွင်ကျန်ခဲ့မဲ့ လုပ်ငန်းကြီးမှာ ပါဝင်ကြဖို့ အလေးအနက် ဖိတ်ခေါ်ပါကြောင်း ပြောကြားလိုပါတယ်” ဟု ပြောသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly