ဇာဂနာ၏ ဇာတ်လမ်း၊ ဇာတ်ညွှန်း သရာစောထိ ရုပ်ရှင်ဇာတ်ကား ဇွန်လတွင် စတင် ရိုက်ကူးမည်

ဇာဂနာ၏ ဇာတ်လမ်း၊ ဇာတ်ညွှန်း သရာစောထိ ရုပ်ရှင်ဇာတ်ကား ဇွန်လတွင် စတင် ရိုက်ကူးမည်
ဓာတ်ပုံ-သက်ကို

ရန်ကုန် ၊ မေ ၂၃ ။             ။ မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အောင်လွင်က ရိုက်ကူးပုံဖော်သွားမည်ဖြစ်သည်။

သရာစောထိ ရုပ်ရှင်ဇာတ်ကား ကန်တော့ပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ Orchid Hotel တွင် မေလ ၂၃ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ထိုရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မောင်သူရ၊ ဒါရိုက်တာ အောင်လွင် မှ ရိုက်ကူးမည် ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ထွန်းထွန်း၊ ယုသန္တာတင်၊ ယဉ်လက်၊ ကိုပြည့် တို့မှ ခေါင်းဆောင်အဖြစ် ပါဝင်ရိုက်ကူးကြမည်ဖြစ်သည်။

ထို ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးသားထားသည့် မောင်သူရ ခေါ် ဦးဇာဂနာမှ "၂ဝ၁၂ ထောင်က ထွက်လာပြီးကတည်းက ရင်ထဲမှာရှိပြီးသား ဇာတ်မလုပ်ဖြစ်ခဲ့ဘူး။ ၂ဝ၁၃ မှာ ရေးပြီးတော့ ၂ဝ၁၆ အထိ မရိုက်ဖြစ်ခဲ့ဘူး။ အခု ဒီမိုကရေစီ ရက်သတ္တပတ် ပေါ်လာတော့ အဲဒီမှာ ဝင်ပြိုင်ဖြစ်တယ်။ အရွေးခံရတယ်။ အဲ့ဒါနဲ့ ရိုက်ဖြစ်သွားတာပါ"  ဟု ပြောသည်။

သရာစောထိ ရုပ်ရှင်ဇာတ်ကားသည် သူငယ်ချင်း ၃ဦး အပေါ် မူတည်ပြီး ပုံဖော်ရိုက်ကူးမည် ဖြစ်ကာ အဓိကအနေဖြင့် ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်တိုင်လုပ်ဆောင်မှ ဖြစ်မည် ဖြစ်ပြီး တခြားသူ လုပ်ဆောင်ပေးလို့ မရဘူးဆိုသည့် သတင်းစကားပေးချင်သည့် ဇာတ်ကား တစ်ကားဖြစ်သည်။

ဒါရိုက်တာ ဦးအောင်လွင်က "သရာဆိုတာကတော့ ဆရာကိုဆိုလိုတာ စောထိကတော့ ကရင်လို ရေချမ်းပေါ့ ဆရာမောင်ရေချမ်းလို့လဲ ခေါ်လို့ရတယ်။ လူတစ်ယောက်က လစာဘယ်လောက်ရမှ ဘယ်ရာထူးရမှ ပညာတတ်မှ မဟုတ်ဘူး ကိုယ်တတ်တဲ့ ပညာနဲ့ ကိုယ့်လူမျိုး ၊ ကိုယ့်ပတ်ဝန်းကျင်ကို ထူထောင်လို့ရနိုင်တယ် ဆိုတာကို အဓိက ပြချင်တာပါ " ဟု ပြောသည်။

ထိုရုပ်ရှင်ဇာတ်ကားကို တောင်ငူ သံတောင်ရှိ လိပ်သိုဆိုသည့် နေရာတွင် သွားရောက် ရိုက်ကူးမည် ဖြစ်ကာ ဇွန်လဆန်းတွင် စတင်သွားရောက် ရိုက်ကူးသွားမည် ဖြစ်သည်။

ဇာတ်ကားအတွက် တေးသီချင်းဖန်တီးမှုကို တေးရေးလင်းထက်မှ တာဝန်ယူဖန်တီးထားပြီး ထွန်းထွန်း၊ နင်ဇီမေ နှင့် ကလေးအဆိုရှင်များမှ ပါဝင်သီဆိုထားကြပြီး စုစုပေါင်း တေးသီချင်း ၆ပုဒ် ဖန်တီးထားပြီ ဖြစ်သည်။

သရုပ်ဆောင်ယဉ်လတ်က "ဒီကားမှာ မိဘလည်းမရှိ ပညာလည်း မတတ်တဲ့ ကရင်မလေး နော်အယ်ခူးဖော နေရာက သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်းခံရတဲ့အတွက် ကျေးဇူးလည်းတင်မိပါတယ်" ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly