ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ဇာတ်ကား မေလ ၁၉ရက်တွင် စတင်ပြသမည်

ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ဇာတ်ကား မေလ ၁၉ရက်တွင် စတင်ပြသမည်

ရန်ကုန်၊ မေ ၁၆ ။            ။ စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ ဝတ္တုကို ဒါရိုက်တာ မီးပွား မှ ပုံဖော် ရိုက်ကူးထားသည့် ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၁၉ရက်မှ စတင်ပြီး ရန်ကုန်မြို့ရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် စတင်ပြသတော့မည် ဖြစ်သည်။

ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို မေလ ၁၅ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့ပြီး ထုတ်လုပ်သူ၊ သရုပ်ဆောင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် စာနယ်ဇင်း မီဒီယာများမှ တက်ရောက်ခဲ့ကြသည်။

ထိုဇာတ်ကားကို ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး ဝတ္ထု လွန်းထားထား (ဆေးတက္ကသိုလ်)၊ ဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာ မီးပွားဖြစ်ပြီး သရုပ်ဆောင်များအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုံရတီ၊ ခင်ဝင့်ဝါ နှင့် တခြား သရုပ်ဆောင်တို့မှ ပါဝင် သရုပ်ဆောင်ထားကြသည်။

လူငယ် အချစ်ဇာတ်လမ်း တစ်ခုဖြစ်ပြီး ကိုယ့်အချစ်ရေးမှာ ပြိုင်ဘက်တစ်ယောက် ထပ်ရောက်လာခဲ့ရင် အလွယ်တကူ စွန့်လွှတ်အညံ့ခံလိုက်မှာလား၊ ပူလောင်စွာ တိုက်ခိုက်သိမ်းပိုက် အနိုင်ယူမှာလား ဒါမှမဟုတ် ခွင့်လွှတ်နားလည်ပြီး ကွယ်ရာမှာတိတ်တခိုး မျက်ရည်ကျနေမှာလား အချစ်ရယ်၊ အမုန်းရယ်၊ သူငယ်ချင်းသံယောဇဉ်ရယ် ဆုံမိသောအခါ ဖြစ်ပေါ်လာသည့် အကြောင်းအရာများကို ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားတွင် တွေ့မြင်ရမည်ဖြစ်သည်။

သရုပ်ဆောင် ရွှေမှုံရတီက “တော်တော်များများက ဘီလိန် ကာရိုက်တာမျိုး ရိုက်ရမှာ ကြောက်ကြတယ်။ မရိုက်ရဲကြဘူး ၊ ရွှေမှုံကတော့ ဇာတ်ရုပ်နေရာထက် ဒီဇာတ်ကားထဲက ဇာတ်ကောင်နေရာကို လုပ်ကြည့်ချင်တယ်။ အဲ့ဒီ ဇာတ်ကောင်နေရာကို ကြိုက်လို့ လက်ခံ ရိုက်ကူးဖြစ်တာပါ။ စိန်ခေါ်မှုတစ်ခုပါပဲ” ဟု ပြောသည်။

ထို ရုပ်ရှင်ဇာတ်ကားသည် ဖေ့ဘုတ်တွင် စတင်ကြော်ငြာချိန်မှစပြီး ပရိသတ်စိတ်ဝင်စားပြီး ကြည့်ရှုခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်သလို ဇာတ်ကားနမူနာ ကြည့်ရှုသူပေါင်း တစ်သန်း နှစ်သိန်းကျော် ရှိခဲ့သည့် ရုပ်ရှင် ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

ထိုဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သည့် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်မှလည်း ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကို လာရောက် ကြည့်ရှုရန် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖိတ်ခေါ်ထားသလို ၎င်းအတွက် ၂၀၁၇ ထဲတွင် ရင်အခုန်ရဆုံး ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ကြောင်း ၎င်း၏ ဖေ့ဘုတ်တွင် ရေးသားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly