ရန်ကုန်၊ မတ် ၂၉ ။ ။ ၂၀၁၇ ခုနှစ် မေလ (၁၃) ရက်တွင် သုဝဏ္ဏဘူမိကွင်း၌ ကျင်းပပြုလုပ်မည့် Under Dawg Festival ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို မတ်လ (၂၉) ရက်က ရန်ကုန်မြို့ လှည်းတန်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရှိုးပွဲတွင် ကမ္ဘာတလွှားမှ နာမည်ကြီးအဆိုတော်များဖြစ်သည့် ဂရမ်မီသုံးဆုရှင် Nelly ၊ အာရှတွင်သာမက အမေရိကန်ထိပါ ထိုးဖောက်အောင်မြင်နေသည့် 2Ne1 ခေါင်းဆောင်ဟောင်း CL နှင့် အမေရိကန် ရက်ပါ SOULJA BOY တို့က လာရောက်ဖျော်ဖြေကြမည်ဖြစ်သည်။
Under Dawg Festival ပွဲနှင့် ပတ်သက်ပြီး ပွဲစီစဉ်သူ Jaw Maran က “Under Dawg Festival ကတော့ Under က Underground Music ကလာတာ။ Dawg ကတော့ Hip Hop ဆိုတဲ့သူတော်တော်များများ သုံးကြလို့ Hip Hoper တွေကို ရည်ညွှန်းတာပေါ့နော်။ Underground Music တွေပါမယ်။ Mainstream တွေပါမယ်။ K pop တွေပါမယ်။ အဓိက,ကတော့ ဒီ Hip Hop နဲ့ Urban Music တွေမှာ Base ထားတယ်ပေါ့။ Black music မှာ Base ထားတယ်။ အဲဒီ Music Festival ကို မြန်မာမှာ တောင်းဆိုမှုတွေ အရမ်းများနေတယ်။ ကျွန်တော်လည်း လုပ်ပေးချင်တာတစ်ကြောင်း၊ ပြီးတော့ တကယ်ကို music ကို ကြိုက်နှစ်သက်သူတွေအတွက် ကျွန်တော် လုပ်တဲ့ပွဲလေးတစ်ခုပါ” ဟု ပြောသည်။
ဆက်လက်ပြီး ပွဲစီစဉ်သူက အဆိုပါပွဲသည် နိုင်ငံခြားတွင် သွားကြည့်ရသည့်ပွဲပုံစံမျိုး ခံစားစေရမည်ဟု ကတိပေးထားသည်။
ပွဲလက်မှတ်များကို သုံးသောင်း၊ ခြောက်သောင်းခွဲ၊ နှစ်သိန်း၊ သုံးသိန်းနှင့် နောက်ထပ်အမျိုးအစားတစ်ခု ကြေညာပေးမည်ဟု သိရသည်။ လက်မှတ်များကို အွန်လိုင်းမှတဆင့်ဝယ်ယူနိုင်သလို ကမ္ဘောဇဘဏ်က တဆင့်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။