မြို့မတီးဝိုင်း နှင့်အတူ သီဆိုဖျော်ဖြေမည့် စိုင်းစိုင်းခမ်းလှိုင်၏ မန္တလေး Birthday Show

မြို့မတီးဝိုင်း နှင့်အတူ သီဆိုဖျော်ဖြေမည့် စိုင်းစိုင်းခမ်းလှိုင်၏ မန္တလေး Birthday Show

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဧပြီ ၁၀ရက်တွင် ကျရောက်မည့် ၎င်း၏ မွေးနေ့ရှိုးကို ယခုနှစ်တွင် မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့၏ အထင်ကရ မြို့မတီးဝိုင်းနှင့်အတူ သီဆိုရန် စီစဉ်ထားသည်။ 

စိုင်းစိုင်းမွေးနေ့ရှိုးပွဲကို မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ်တုန်းက သွားရောက်ဖျော်ဖြေခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ပွဲကိုရပ်တန့်ခဲ့ရပြီး ယခုတစ်ခါမှာတော့ ဒုတိယအကြိမ် သွားရောက်ဖျော်ဖြေမည်ဖြစ်သည်။ 

“မှတ်မှတ်ရရ သီချင်းဆိုနေတုန်းမှာပဲ မိုးတွေလေတွေ ရွာပြီးတော့ ပွဲကို ပြီးဆုံးအောင် မဆိုဘဲ ရပ်တန့်ခဲ့ရပါတယ်။ ဒီနှစ်သွားပြီးတော့ ကျင်းပမယ့် မန္တလေး Birthday Show က ကျွန်တော့အတွက် မကျေပွဲ တစ်ခုလို့ ခံစားရပါတယ်။" ဟု အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။ 

မန္တလေးတွင် သွားရောက်ကျင်းပရသည့် အကြောင်းအရင်းကိုလည်း "မန္တလေးက ပရိသတ်တွေက ကျွန်တော့ကို ၀ိုင်းပြီးတောင်းဆိုကြတာနဲ့ ကျွန်တော်လည်း စဉ်းစားမိတယ်။ နှစ်တိုင်း Birthday Showကို ရန်ကုန်မှာပဲ ကျင်းပတယ် ကြားထဲမှာ ပွဲလေးတွေ နောက်ဆုံး နှုတ်ခမ်းနီ ရောင်းတာကအစ ရန်ကုန်မှာပဲ လုပ်ဖြစ်တော့ ဒီနှစ် တစ်နှစ်မှာတော့ မန္တလေးမှာ လုပ်ဖြစ်တာပါ။ ဒီအတွက် ရန်ကုန်က ပရိသတ်တွေက နားလည်ခွင့်လွှတ်ပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ပြောသည်။

မန္တလေးမြို့တွင် ကျင်းပမည့် Birthday Show၌ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်မှ ၎င်း၏ အဆိုတော်ဘဝ အစပိုင်းက လက်တွဲခဲ့သည့် ကောင်းမြတ်၊ ငယ်ငယ် တို့နှင့် အဆိုတော်ဘဝ အစပိုင်းက တေးသီချင်းများဖြင့် ဖျော်ဖြေမည် ဖြစ်သည်။ ဒါ့အပြင် Snare ၊ ဘန်နီဖြိုး ၊ G-Fatt အပါအဝင် ၎င်း၏ သူငယ်ချင်းများနှင့်လည်း ယခုအောင်မြင်နေသည့် တေးသီချင်းများနှင့် ဖျော်ဖြေသွားမည် ဟု ဆိုသည်။ 

၎င်း Birthday Show၌ နှစ်စဉ်နှစ်တိုင်း DJ နဲ့သော် လည်းကောင်း တီးဝိုင်းနဲ့သော်လည်းကောင်း ဖျော်ဖြေ တင်ဆက်နေကျဖြစ်သည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ်ဖျော်ဖြေပွဲတွင်လည်း မန္တလေးမြို့ခံတီးဝိုင်း ဖြစ်သည့် Dream Lover တီးဝိုင်းမှလည်း ပါ၀င် တီးခတ်ပေးမည် ဖြစ်ကာ မန္တလေးမြို့၏ မြို့မတီးဝိုင်း မှလည်း စိုင်းစိုင်းခမ်းလှိုင်၏ တေးသီချင်း အချို့ကို ပူးပေါင်း ပါ၀င်တီးခတ် ပေးမည်ဖြစ်သည်။

၄နာရီကြာ ဖျော်ဖြေတင်ဆက်မည့် Birthday Show အတွက် တေးသီချင်း အပုဒ်ရေ ၃၆ပုဒ် ကနေ ၄၆ပုဒ်ကြား ဖျော်ဖြေ တင်ဆက်ရန် စီစဉ်ထားပြီး ၎င်း ထွက်ရှိခဲ့သည့် ချောကလက်ရောင်ရေခဲအိပ်မက် တေးအယ်ဘမ်မှ စပြီး ယခုနောက်ဆုံး ပရိသတ်ကြား ခေတ်စား နေသည့် No Hero ၊ Will U Marry Me တေးသီချင်းများအထိ သီဆိုဖျော်ဖြေရန် စီစဉ်ထားသည်။
 အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ Birthday Show ပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်း၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကာ လက်မှတ်များကို တစ်စောင်လျှင် ၉၀၀၀ကျပ်ဖြင့် ရောင်းချမည် ဖြစ်ပြီး မတ်လ ၃၁ရက်တွင် စတင်ရောင်းချမည် ဖြစ်သည်။ ပထမဆုံး ၀ယ်ယူသည့် ပရိသတ် အယောက် ၁ထောင်ကို အမှတ်တရ လက်ဆောင် ပေးဖို့လည်း စီစဉ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly