ဇင်ကြီးသည် စွယ်စုံရ ဂီတရတနာတစ်ဦး ဖြစ်ကြောင်း မြန်မာပြည်သိန်းတန် ချီးကျူး

ဇင်ကြီးသည် စွယ်စုံရ ဂီတရတနာတစ်ဦး ဖြစ်ကြောင်း မြန်မာပြည်သိန်းတန် ချီးကျူး

Myanmar Idol Season 2 ၏ မတ်လ ၁၀ရက်တွင် ပြုလုပ်ခဲ့သည့် Result Show တွင် ပြိုင်ပွဲဝင် ဇင်ကြီး ပြိုင်ပွဲမှ ထွက်ခွာသွားရသည့် ဇင်ကြီး ကို ဒိုင်အဖြစ် ဆောင်ရွက်သည့် မြန်မာပြည်သိန်းတန် မှ ချီးကျူးစကား ဆိုခဲ့သည်။

မြန်မာပြည်သိန်းတန် မှ “ ဇင်ကြီး စွယ်စုံရတယ် ဇင်ကြီးကို တေးချစ်သူတိုင်းသူပြည်သားတွေက ပိုပြီး သိဖို့ လိုအပ်ပါတယ်။ ဘာသိဖို့လိုအပ်လဲဆိုရင် ဇင်ကြီးက တူရိယာ တော်တော်များများကို တီးခတ်နိုင်တယ်။ ဂစ်တာတီးပြီး စင်ပေါ်တက် လာတုန်းက အဲ့ဒီလက်ကွက်တွေဟာ အင်မတန်ထူးခြားပါတယ်။ အင်မတန် တော်ပါတယ်။ အန်ကယ်တို့ထက် အများကြီး သာပါတယ် Lead Guitar
တီးတဲ့နေရာမှာ ။ သီချင်းဆိုတဲ့နေရာမှာလည်း ဆုတွေအများကြီး ရဖူးတယ်။ သူဟာ ဂီတရတနာတစ်ဦး ဖြစ်တယ်။ Lead Guitar လည်း ကောင်းတယ် ။ သီချင်းအဆိုကလည်း တအားကို  ကောင်းတယ် ။ “မင်းကို တောင်ထိပ်ပေါ်ကို တက်စေချင်ပါတယ်။ ဂီတနန်းတော်ကြီး တစ်ခုကို ပိုင်ဆိုင်စေလိုပါတယ်။ ဖြစ်ကို ဖြစ်ရမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ၊  Lead Guitar တီးပြီး သီချင်းဆိုတဲ့ ဇင်ကြီးကို မြန်မြန်လေး တွေ့ပါရစေကွာ” ဟု ပြောကြား ခဲ့သည်။

ပြိုင်ပွဲဝင် ဇင်ကြီး သည် Myanmar Idol Season 2 ၏ Top 6ယှဉ်ပြိုင်မှုတွင် တေးသံရှင် ဝင်းဦး သီဆိုခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့သည့် တေးသီချင်းများ သီဆိုယှဉ်ပြိုင်မှုတွင် မဲရရှိမှုအနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရသူ တစ်ဦးလည်း ဖြစ်သည်။

ဇင်ကြီး သည် မဲရရှိမှု အနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရသော်လည်း PANTENE Wild Card အစီအစဉ် ဖြင့် ပြိုင်ပွဲကို ပြန်လည် ရောက်ရှိ လာခဲ့ကာ Blues Songs Week တွင် အဆိုတော် ထူးအိမ်သင်၏ အမေရဲ့ ဒုက္ခအိုးလေးသီချင်းဖြင့် သီဆိုခဲ့ကာ မဲရရှိမှု အနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထပ်မံထွက်ခွာရခြင်း ဖြစ်သည်။

ပြိုင်ပွဲမှ ထပ်မံ ထွက်ခွာရသည့် ဇင်ကြီးက ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင်
ယခုလို ရေးသားထားသည်။

“ကျေနပ်နိုင်ပါတယ်ဗျာ အားပေးသူတွေရဲ့ကျေးဇူးကြောင့်သာ ဒီနေရာထိ ကျွန်တော် အသက်ဆက်နိုင်ခဲ့တာပါ။ ကိုယ်ပိုင်သံစဉ် ဂီတအနုပညာတွေ ကြိုးစားဖော်ကျူးပြီး ပရိသတ်တွေကို ကျေးဇူးဆပ်နိုင်အောင် အားစိုက်ထုတ်ပါတော့မယ်။ ကျွန်တော် ပြန်လာခဲ့ပါဦးမယ်”ဟု ရေးသားထားသည်။

ယခင် ဇင်ကြီး ပြိုင်ပွဲမှ ထွက်သွားရသည့် အချိန်တုန်းကလည်း အနုပညာရှင်တချို့မှ ၎င်းတို့၏ ကိုယ်ပိုင် ဖေ့ဘွတ်စာမျက်နှာများတွင် ပြိုင်ပွဲဝင် ဇင်ကြီးအတွက် အားပေးစကားများ အသီးသီး ရေးသားဖော်ပြခဲ့ကြ သည်။

လက်ရှိတွင် Myanmar Idol Season 2 Top 3 ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် သားငယ် ၊ ပိုးမီ နှင့် ဘီလီလမင်းအေး တို့မှ မဲရရှိမှု အများဆုံးဖြင့် Semi- Final ထပ်မံ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး နောက်ဆုံး Grand Final ပြိုင်ပွွဲတွင် ပြိုင်ပွဲဝင်၂ ဦးသာ ယှဉ်ပြိုင် ကြရမည် ဖြစ်သည်။

Grand Final ပြိုင်ပွွဲ တွင် Myanmar Idol Season 2 ၏ Winner အဖြစ် ရွေးချယ်ခြင်း ခံရသူ သည် ငွေကျပ် သန်း ၂၀ နှင့် အတူ တစ်ကိုယ်တော် တေးစီးရီး Album တစ်ချပ်ကိုလည်း ထုတ်လုပ်ခွင့် ရရှိမည် ဖြစ်သလို MyanmarIdol ၏ Supporting Sponsor ဖြစ်သည့် Ford Myanmar မှ Ford Brand New ECOSPORT ကားတစ်စီးကိုလည်း ချီးမြှင့်သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly