NCA ကို အရှိန်မြင့် အကောင်အထည်ဖော်သွားရန် သဘောတူ ဆုံးဖြတ်

NCA ကို အရှိန်မြင့် အကောင်အထည်ဖော်သွားရန် သဘောတူ ဆုံးဖြတ်

ချင်းမိုင်(မဇ္စျိမ)၊မတ်လ ၆ ။            ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အကောင်အထည်ဖော်မှု တိုးမြှင့် လုပ်ဆောင် သွားရန်အတွက် “ကြားကာလအစီအစဉ်များဆိုင်ရာ ကော်မတီ” တစ်ရပ်ကို NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း ၈ ဖွဲ့က ဖွဲ့စည်းလိုက်သည်။


ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစသ် ဦးဆောင်အဖွဲ့ (PPST)၏ အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


ယင်းကော်မတီသည် NCA အကောင်အထည်ဖော်မှု တိုးမြင့်လုပ်ဆောင်သွားရန်နှင့် ကျန်နေသေးသော NCA ၏ အခန်း ၆ ပုဒ်မ ၂၅ ပါပြဌာန်းချက်များကို အစိုးရနှင့် ဆက်လက်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တစ်ဖွဲ့လျှင် တစ်ဦးစီ ပါဝင်၍ ၈ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ 


“အန်စီအေ စာချုပ်ထဲမှာ အခန်း ၆ ပုဒ်မ ၂၅ မှာကြားကာလအစီအစဉ်များဆိုတာပါတယ်။ ဒါပေမဲ့ အစိုးရ အဟောင်းတုန်းကလည်း အကောင်အထည်ဖော်မရဘူး။ အစိုးရသစ်မှာလည်း အကောင်အထည်ဖော်မှု မရတော့ ဒီအတိုင်း lဆိုရင် အစိုးရနဲ့ တပ်မတော်ကို စောင့်လို့မရတော့ဘူး။ ကျွန်တော်တို့ဘက်က စပြီးတော့ Initiative (ပဏာမ ခြေလှမ်း)ယူမှဆိုပြီးတော့ ကိုယ်ကော်မတီကို ဖွဲ့ပြီးတော့ အဲဒီဟာ အကောင်အထည်ဖော်ဖို့ လိုနေပြီ ဖြစ်ကြောင်း ဖော်ရမဲ့ကိစ္စတွေကလည်း ဘယ်ဒေသမှာ ဘာပြင်ပြီးတော့ တခါတည်း ယူပြီးတော ့ချဉ်းကပ်ဖို့ပေါ့။ အဲဒါကြောင့် ဖွဲ့လိုက်ရတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။

NCA အခန်း ၆ ပုဒ်မ ၂၅ တွင် ကြားကာလအတွင် ဆောင်ရွက်ရမည့် အစီအစဉ်များတွင် NCA လက်မှတ်ထိုးကြသော အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနေစဉ် ကာလအတွင်း မိမိတို့နှင့် သက်ဆိုင်သည့် အပစ်ရပ်နယ်မြေများတွင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံဖွံ့ဖြိုးတိုးတက်ရေး၊ သဘောဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဖွ့ံဖြိုးရေးနှင့် စွမး်ရည်မြှင့်တင်ရေးအတွက် ပြည်တွင်း ပြည်ပအလှူရှင်များ၏ အကူအညီရယူခြင်း ကိစ္စရပ်များ ပါဝင်သည်။ 


ထို့ပြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် အပစ်ရပ်ဒေသအတွင်း ကြီးမားသည့် စီမံကိန်းများ ပြုလုပ်လျှင် “သဘာဝ သယံဇာတများ ဖွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI)၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံ ပြည်သူလူထုနှင့်ညှိနှိုင်း၍ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဒေသတွင် တစ်ဖွဲ့ချင်းစီ သီးခြားဆောင်ရွက်ရန် လိုသော ကိစ္စများအား အစိုးရနှင့် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်ဟု ဖော်ပြထားသည်။


ကြားကာလအစီအစဉ်များဆိုင်ရာကော်မတီတွင် စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ ထာလာဟေး၊ စိုင်းလန်တိုင်း၊ စောစိန်ဝင်း၊ စောကျော်ညွန့်၊ ဦးဆန်နီတို့ အပါအဝင် ၈ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ 


ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဦးဆောင် ကျင်းပသော ပန်ခမ်း ညီလာခံ ထုတ်ပြန်ချက််နှင့် နိုင်ငံရေးဆွေးနွေးမှု ကော်မတီဖွဲ့စည်းကြောင်း ကြေငြာမှုအပေါ် PPST အနေဖြင့် သတိကြီးစွာ စောင့်ကြည်နေပြီး မြောက်ပိုင်းဒေသတွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေမှုအေ့ါ် စိုးရိမ်မကင်းဖြစ်ရပြီး သက်ဆိုင်သူများအားလုံး တိုက်ပွဲများ ရပ်တန့်ရန် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းထားသည်။ 

“ဝ က အန်စီအေကို သုံးလို့ မရဘူး၊ လမ်းကြောင်းအသစ်လုပ်မယ်ဆိုတဲ့ကိစ္စမှာ အင်အားတွေ စုနေတော့ သူတို့ရဲ့ စုဖွဲ့မဲ့ ပုံသဏ္ဍန်က နိုင်ငံရေးဆွေးနွေးပွဲကို တဖက်က ကော်မတီဖွဲ့ပြီးတော့ တစ်ဖက်က ပြတယ်။ တဖက်ကလည်း စစ်ရေး အရှိန်မြင့် တင်တယ်ပေါ့။ အဲနှစ်ခုကို တပြိုင်ထဲ တွဲနေတဲ့အခါကြတော့ နိုင်ငံရေးတောင်ဆိုတာ တဖက်၊ စစ်တိုက်တာ တဖက်ဆိုတော့ ကျနော်တို့က မူလငြိမ်းချမ်းရေးလမ်းကြောင်းကို သွားထိခိုက်မှာ ကြောက်ပါတယ်။ ဒါကြောင့် စိုးရိမ်တာ၊ မျှော်နေတာက ငြိမ်းချမ်းရေး၊ဖြစ်လာတာက ဆွေးနွေးတာ စာပွဲဝိုင်းကောင်းကောင်းမထိုင်ရသေးဘူး။ တိုက်ပွဲက ဖြစ်နေတယ်။ အဲဒီ အဖွဲ့ကို ထောက်ခံတာလည်း မပြောဘူး။ ကန့်ကွက်တာလည်း မပြောဘူး။ ဒီကိစ္စက အန္တရာယ်ကြီးတယ်။ စိုးရိမ်စရာရှိတယ်ဒါကိုပြောတာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ 

လက်ရှိ နိုင်ငံရေးအခြေအနေများကို သုံးသပ်ခြင်း၊ အန်စီအေ အကောင်အထည်ဖော်မှု သုံးသပ်ခြင်း၊ အမျီုးသားအဆင့်် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခဲ့မှုအပေါ် သုံးသပ်ခဲ့ကာ JICM အစည်းအဝေး အမြန်ဆုံး ခေါ်ယူကျငး်ပရန်နှင့် အန်စီအေ လက်မှတ်ထိုးထားောသ အဖွဲ့အစည်းများ အားလုံး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအစည်အဝေး မတိုင်မီ ကျင်းပသွားရန် သဘောတူ ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေးမှ အချက်ပေါင်း ၂၆ ချက် သဘောတူညီမှုရရှိခဲ့ပြီး၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လုပ်ဆောင်ရမည့် ရေတို မဟာဗျူဟာချမှတ်နိုင်ပြီး လုပ်ငန်းလမ်းညွန်များ ပြန်လည် အသစ်ပြုနိုင်ခဲ့သည်ဟု သိရသည်။ 


ယခုထိ ရခိုင်ပြည်နယ်တွင် ALP မှ နိုင်ငံရေးအဆင့် ဆွေးနွေးပွဲများ ကျင်းပခွင့် မရသေးသလို၊ RCSS ကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပခွင့် မရသေးသဖြင့် စောင့်ဆိုင်းနေကြသည်။ တခြား KNU,PC, DKBA,CNF နှင့် ABSDF တို့သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဖြစ်သည်။ 


NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း ၈ ဖွဲ့မှ ရန်ကုန်မြို့တွင် ရုံးဖွင့်လှစ်ခွင့်ရပြီ ဖြစ်သော်လည်း ပြန်လည် ပြုပြင်ရန် လိုအပ်သေးသလို၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရုံးဖွင့်လှစ်ရေးအတွက် မြန်မာအစိုးရ၏ ထောက်ခံမှု လိုအပ်နေသေးကြောင်း သိရသည်။


ချင်းမိုင်တွင် ကျင်းပသော အစည်းအဝေးတွင် NCA လက်မှတ်ရေး ထိုးထားသော အဖွဲ့ ၈ ဖွဲ့မှ PPST ခေါင်းဆောင်များ၊ လုပ်ငန်းညှိနှိုင်းရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့ (PPWT) အဖွဲ့ဝင်များအားလုံး ၂၀ ကျော် တက်ရောက်ခဲ့သည်။ 


၂၀၁၅ ခုနှစ် အောက်တိုဘာလက ယခင်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်ပြည်လည် ထူထောင်ရေးကောင်စီ(RCSS)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တသ်စတပ်ဦး (ABSDF)၊ ကရင်အမျိးသား အစည်းအရုံး(ငြိမ်းချမ်းရေးကောင်စီ)-(KNU-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့  NCA လက်မှတ်ရေးထိုးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags