မြန်မာ့ရုပ်ရှင်လောကသားများနဲ့ အနုပညာရှင်တွေ ဖျော်ဖြေရေးနဲ့အနုပညာလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ခုံ(၃၀၀၀)ဆန့် Myanmar Art Center အဆောက်အအုံ တည်ဆောက်ရေးဟာ အစိုးရအလှည့်အပြောင်းမှာ စာရင်းပျောက်အင်းပျောက်ဖြစ်သွားတယ်လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းက ပြောပါတယ်။
မတ်လ(၁၈)ရက်နေ့မှာ ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်မှာ ပထမဦးဆုံးအကြိမ် ကျင်းပခွင့်ရရှိတဲ့ ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေမှုအနေအထားနဲ့ ပတ်သတ်ပြီး မတ်လ ၃ရက်က မီဒီယာတွေ့ဆုံပွဲ ပြုလုပ်နေစဉ် ပြောခဲ့တာပါ။
ဒီအဆောက်အအုံကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အာလိန် ၅ ဆင့်ဘုရားကြီးအနီး၊ အစိုးရပိုင်မြေမှာ ဆောက်လုပ်ဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကိုယ်တိုင် ပဏ္ဍပ်ရိုက်ပေးခဲ့ပေမယ့် ဒီနေ့အထိ အကောင်အထည် မပေါ်ခဲ့ဘူးလို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌက ဆိုပါတယ်။
ဒီကိစ္စအတွက် သက်ဆိုင်ရာဋ္ဌာနကို စာပို့ပြီး မေးမြန်းထားပေမယ့် ဒီနေ့အထိ ဖြေကြားခြင်းမရှိဘူးလို့လည်း သူက ဆက်လက်ပြောပြပါတယ်။
ဒီအဆောက်အအုံ အကောင်အထည်ပေါ်ရင် တစ်နှစ် တစ်ခါ အကယ်ဒမီပွဲကျင်းပဖို့ နေရာရှာရတဲ့ ပြဿနာ အဆင်ပြေနိုင်တယ်လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌက ပြောပါတယ်။