ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များ တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များ တွေ့ဆုံမည်
ဓာတ်ပုံ-မင်းမင်း

ချင်းမိုင်၊ဇန်နဝါရီလ ၂၆ ။            ။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ မကြာမီ တွေ့ဆုံမည် ဖြစ်သည်။

ယင်းတွေ့ဆုံမှု ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်အတွင်း ကျင်းပခဲ့သော UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“တွေ့ဖို့တော့ရှိတယ်။ ဒါပေမဲ့ ဘယ်တော့ဆိုတာ မသိသေးဘူး။ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်ဆီကို ပိတ်ဆို့နေတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းမလဲစသဖြင့် စာရေးထားတယ်။ အဲဒီမှာ ပြောလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့မယ် ဆိုတဲ့ သဘောထားပေးလာလို့ ခွင့်ပေးလိုက်တယ်။ အဓိက ပိတ်ဆို့နေတဲ့ ပြဿနာတွေကို ဘယ်လိုဖောက်ထွက်မလဲ အားလုံးပါတယ်”ဟု နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

ပိတ်ဆို့နေသည့် ပြဿနာများသည် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်ကိစ္စ၊ အားလုံး ပါဝင်နိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကို နားလည်မှု ရယူနိုင်ရေး စသည့်အချက်များ အဓိကထားဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“ဒါကတော့ ဖြေရှင်းရမှာပေါ့လေ။ အလွတ်သဘောအနေနဲ့ ဒီလို ပိတ်ဆို့မှုကိုတော့ နည်းလမ်းရှာပြီး ဖြေရှင်းရမှာပါ”ဟု သူက ဆက်ပြောသည်။

ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ရန်ကုန်မြို့တွင် တွေ့ဆုံသည့် ခရီးစဉ်အတွင်း တွေ့ဆုံနိုင်ရန် မျော်လင့်နေကြောင်း နိုင်ဟံသာက ပြောထားသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရန် UNFC မှ အချက် ၉ ချက်အပေါ် သဘောတူညီမှုရယူနိုင်ရန် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သိရသည်။

UNFC က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးတွင် လာမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့ လေ့လာသူအဖြစ် ဖိတ်ကြားပါက တက်ရောက်မည် မဟုတ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လကုန်ပိုင်းကလည်း UNFC မှ DPN နှင့် နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပြီး ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေး သဘောတူညီခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly