UNFC ညီလာခံ လာမည့် မတ်လတွင် ကျင်းပမည်

UNFC ညီလာခံ လာမည့် မတ်လတွင် ကျင်းပမည်

ချင်းမိုင်၊ဇန်နဝါရီလ ၂၆ ။           ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံကို လာမည့် မတ်လအတွင်း ကျင်းပနိုင်ရန် ယာယီဆုံးဖြတ်ထားသည်ဟု သိရပြီး ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်ထိ ကျင်းပခဲ့သော UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့အကြား တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေပေါ် မူတည်၍ ညီလာခံကို ကျင်းပသွားမည် ဖြစ်ကြောင်း UNFC ဒု ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“ယေဘုယျသဘောလောက်ပဲ။ အခြေအနေအပေါ်မှာ နည်းနည်းပြောင်းလဲနိုင်တယ်လေ။ အတိအကျ ပြောဖို့ ခက်တယ်။ ခန့်မှန်းထားတာကတော့ မတ်လလောက်မှာ ။ ဒါပေမယ့် တကယ်လို့ တိုက်ပွဲတွေ ပြင်းထန်လာမယ်ဆိုရင် ပြန်ရွှေ့နိုင်တဲ့ အနေအထားပဲလေ။ အတိအကျ မသတ်မှတ်သေးဘူး”ဟု နိုင်ဟံသာက ပြောသည်။

ယင်းညီလာခံတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကောင်စီဝင်များ အားလုံးကို ပြန်လည် ရွေးချယ်သွားမည် ဖြစ်သည်။

ပုံမှန်အားဖြင့် ၂ နှစ်တစ်ကြိမ် ကျင်းပခဲ့ရာ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ညီလာခံ ကျင်းပရမည် ဖြစ်သော်လည်း အဆိုပါလတွင် ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပခဲ့ခြင်းကြောင့် ဒီဇင်ဘာလသို့ ပြောင်းရွှေ့ခဲ့သည်။ UNFC အဖွဲ့ဝင် တစ်ချို့နှင့် တပ်မတော်အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် ညီလာခံ မကျင်းပနိုင်သေးဘဲ လာမည့် မတ်လတွင် ကျင်းပနိုင်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ပြည်ထောင်စု ညီလာခံ (၂၁ ရာစု) ညီလာခံနှင့် ပတ်သက်၍ ပြင်ဆင်ခြင်း၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ တွေ့ဆုံဆွေးနွေးခဲ့သော အချက် ၉ ချက်နှင့် JMC ကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့သလို၊ လာမည့် UNFC ညီလာခံ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

UNFC တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးသောသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags