တပ်ချုပ်နှင့် NCA အပစ်ရပ် လက်မှတ်ထိုးအဖွဲ့များ တွေ့ဆုံ ၊ ABSDF မှ ရဲဘော်မင်းဌေးကိစ္စ ဆွေးနွေးခဲ့ဟု ပြော

တပ်ချုပ်နှင့် NCA အပစ်ရပ် လက်မှတ်ထိုးအဖွဲ့များ တွေ့ဆုံ ၊ ABSDF မှ ရဲဘော်မင်းဌေးကိစ္စ ဆွေးနွေးခဲ့ဟု ပြော
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံနေပုံ။ ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ။                 ။ NCA အပစ်ရပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လည် ၂ နာရီခန့်က နေပြည်တော်၌ တွေ့ဆုံခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တွေ့ဆုံဆွေးနွေးသည့် အကြောင်းအချက်များကို ထုတ်ပြန်ကြေညာထားခြင်းမရှိပေမယ့် ABSDF ဗဟိုကော်မတီဝင် ဆလိုင်းယောအောင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ် ရဲဘော်မင်းဌေး အဖမ်းခံရမှုနှင့် ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ရှိနေကြောင်း မဇ္ဈိမသို့ ပြောဆိုထားသည်။

အဆိုပါအဖွဲ့အနေဖြင့် ယနေ့နံနက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံခဲ့ပြီး ရဲဘော်မင်းဌေး လွတ်မြောက်ရေးအတွက် ဆွေးနွေးပြောဆိုခဲ့သည်ဟု ABSDF ဗဟိုကေ်ာမတီဝင် ဆလိုင်းယော်အောင် က ဆိုသည်။

"PPST ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့က ဒီမနက်ပိုင်း ဒေါ်စုနဲ့တွေ့ပါတယ်။ ဒီကိစ္စတွေကို ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးပွဲပြီးတဲ့အခါမှာ ဒီကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ရှေ့နေချုပ် ဦးထွန်းထွန်းအေးကို တာဝန်ပေးပါတယ်။ ကျွန်တော်တို့စီက တာဝန်ရှိသူတွေနဲ့ စကားပြောဖြစ်တယ်လို့ သိရတယ်”ဟု ဆလိုင်းယောအောင်ကပြောသည်။

 "NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အဖွဲ့ဝင်အချို့၏ အမှုအခင်းများကိစ္စ" များကို အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက် နှင့် ၁၁ ရက်နေ့က NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များသည် ကရင်ပြည်နယ်လောခီးလာ၌ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး ABSDF မှ ရဲဘော်မင်းဌေး နှင့် ALP မှ အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုအပေါ် ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ရန် KNU မှ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ၅ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်က ရဲဘော်မင်းဌေးကို ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်ရှိ စိန်လုံဂိတ်တွင် ဖမ်းဆီးခဲ့ပြီး မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခံထားရသည်။

ဆက်စပ်သတင်းများ-ABSDF ရဲဘော် မင်းဌေး အမှု တရားလိုသက်သေ စစ်ဆေးမှု မရှိဘဲ ထပ်မံ ရုံးချိန်းပေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags