စစ်တွေ၊ ဇန်နဝါရီ ၆ ။ ။ မောင်တောဖြစ်စဉ်နှင့် ပတ်သက်၍ လေ့လာမှုများပြုလုပ်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များသည် ဇန်နဝါရီ ၆ရက် နံနက်ပိုင်းက စစ်တွေမြို့သို့ ရောက်ရှိကာ မောင်တောမြို့နယ်အတွင်းရှိ အခင်းဖြစ်ပွားခဲ့သည့် နေရာများသို့ သွားရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကော်မရှင်အဖွဲ့မှာ စစ်တွေမြို့မှတဆင့် နယ်ခြားစောင့်ရဲဌာနချုပ်တည်ရှိရာ မောင်တောမြို့နယ်၊ ကျီးကန်းပြင်သို့ တပ်မတော် ရဟတ်ယဉ်ဖြင့် သွားရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် ကျီးကန်းပြင်ကျေးရွာ၊ ဇင်ပိုင်ညာကျေးရွာနှင့် မြို့သူကြီးစသည့် ဘင်္ဂါလီများနေထိုင်သည့့် နေရာများသို့ သွားရောက်ကာ စုံစမ်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။
“ဒုသမ္မတနဲ့ ကော်မရှင်အဖွဲ့ဟာ ဒီနေ့မနက်ပိုင်းက နေပြည်တော်ကနေ တပ်မတော်ရဟတ်ယဉ်နဲ့ ရောက်ရှိပါတယ်။ မောင်တောကို ဆက်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲဲ့က ဝန်ကြီးချုပ်နဲ့ နယ်စပ်ရေးရာ လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းတို့ လိုက်သွားပါတယ်။ ခရီးစဉ်မှာ သွားရောက်မယ့် နေရာတွေကတော့ အယင်တစ်ခေါက်ရောက်လာ တဲ့အခါမှာ သွားရောက်ခဲ့တဲ့ နေရာတွေကိုပဲ သွားမှာဖြစ်ပါတယ်။”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။
ကော်မရှင်အဖွဲ့မှာ မောင်တောခရီးစဉ်အတွင်း တစ်ညအိပ် ကြာမြင့်မည်ဖြစ်ကာ ဇန်နဝါရီလ ရ ရက်တွင် ရွှေရင်အေး၊ နိုရူလာ၊ အလယ်သံကျော်၊ ကျေးရွာများသို့ သွားရောက်လေ့လာမှုများ ပြုလုပ်မည်ဖြစ်ပြီး ထိုနေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာလာမည်ဖြစ်ကာ ညနေပိုင်းတွင် သံတွဲမြို့သို့ သွားရောက်မည်ဟု သတင်းရရှိသည်။
ယခုလာရောက်သည့် ခရီးစဉ်မှာ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် နိုင်ငံတော် သမ္မတထံသို့ ပေးပို့ရမည့် ကော်မရှင်၏ စစ်ဆေး တွေ့ရှိချက်များနှင့် ပတ်သက်သော အပြီးသတ်အစီရင်ခံစာ အတွက် နောက်ဆက်တွဲ အခြေအနေများအား လာရောက်စစ်ဆေး လေ့လာမှုများပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။