သမ္မတဦးထင်ကျော်နှင့် မလေးရှားတပ်ချုပ် ရခိုင်အရေး ဆွေးနွေး

သမ္မတဦးထင်ကျော်နှင့် မလေးရှားတပ်ချုပ် ရခိုင်အရေး ဆွေးနွေး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ သမ္မတဦးထင်ကျော်ထံသို့ မလေးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

“ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု ခံရပြီးနောက်ပိုင်း မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းမှားများ ပြန့်နှံ့နေမှု၊ ယင်းသို့ သတင်းမှားများ ပြန့်နှံ့မှုများကြောင့် အထင်အမြင်လွဲမှားမှုများ မြင့််တက်နေမှု၊ အစိုးရသစ်လက်ထက် ကိုင်တွယ်ဖြေရှင်းရာတွင် တည်ဆဲဥပဒေများ၊ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် စုံစမ်းစစ်ဆေး ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေသည့် အခြေအနေများကိုလည်း ဆွေးနွေးကြသည်” ဟု သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ မလေးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sir (Dr.) Haji Zulkifeli bin Mogadishu Zin ဦးဆောင်သောအဖွဲ့မှ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဒီဇင်ဘာ ၅ရက်၊ နံနက် ၁၀နာရီ၊ ၃၀မိနစ်တွင် လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟုလည်း သမ္မတရုံးက ထုတ်ပြန်ထားသေးသည်။

မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတဦးထင်ကျော်နှင့်မတွေ့ဆုံမီ နံနက် ၉နာရီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

တွေ့ဆုံရာတွင် “ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်ရာတွင် ယင်းဒေသရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ လုံခြံုရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေမဲ့လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်းနှင့် အဖွဲ့အစည်း များနှင့်လည်း စုံစမ်းစစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ အကယ်၍ ဥပဒေချိုးဖောက်မှုရှိပါကလည်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း”  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

မလေးရှားနိုင်ငံတွင်မူ ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ဘင်္ဂါလီများအရေးနှင့်ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ဒီဇင်ဘာ(၄)ရက်က မြန်မာအစိုးရကို ကန့်ကွက်သည့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၉ရက်၊ နံနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်ခြားစောင့်ဂိတ်များ စီးနင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှ စတင်ပြီး ထိုဒေသတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များသည် ၎င်းဒေသတွင်း အများစုရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖျက်ဝါဒ တိုးမြင့်လာစေရန် အချိန်ယူ၍ စည်းရုံးသိမ်းသွင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၁၄ရက်တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly