နို့ဖိုး ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၆၅ ဦး ပြည်တော်ပြန်

နို့ဖိုး ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၆၅ ဦး ပြည်တော်ပြန်

ချင်းမိုင်၊ အောက်တိုဘာလ ၂၅ ။         ။ ထိုင်း-မြန်မာနယ်စပ် နို့ဖိုး ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၆၅ ဦး အောက်တိုဘာလ ၂၆ ရက်က မြန်မာနိုင်ငံသို့ ပြည် တော်ပြန်သွားပြီ ဖြစ်သည်။

အဆိုပါ ဒုက္ခသည်များကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နှင့် ထိုင်းအာဏာပိုင်များက မဲဆောက် - မြဝတီ ချစ်ကြည်ရေးတံတားမှတဆင့် မြဝတီမြို့သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းသို့ ရောက်ရှိလာရာ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ နယ် လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်၊ လူမှုကယ်ဆယ်ရေးဌာန၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)မှ တာဝန်ရှိသူများက လက်ခံ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

“ကျောက်လုံးကြီးမှာ ၂ နာရီခွဲမှာရောက်တယ်။ ကြိုဆိုရေးအခမ်းအနားတွေ လုပ်တယ်။ သူတို့ကို ဘယ်လို ပြန်ထားမယ်။ နေရာဘယ်လို စီစဉ်မယ်ဆိုတာတွေ ပြောပြတယ်။ ပြန်လည်တဲ့လူတွေက မိသားစုလည်း ပစ္စည်းတွေ ဝေမျှတော့ ယာယီထားမဲ့ နေရာပေးတယ် အဲဒီလောက်ပါဘဲ”ဟု ကြိုဆိုပွဲအခမ်းအနားတွင် သွားရောက်သတင်းယူနေသော ကရင်သတင်း စဉ်မှ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ စောသိန်းမြင့်က ပြောသည်။

ယင်းဒုက္ခသည်များသည် ကျောက်လုံးကြီးစခန်းတွင် သုံးရက်ခန့် နေထိုင်မည် ဖြစ်ပြီး တစ်ချို့ ဒုက္ခသည်များသည့် လေးကေကော် မြို့သစ်စီမံကိန်းတွင် ပြန်လည် နေရာချထားပေးမည် ဖြစ်ကြောင်း သူက ပြောသည်။

ကရင်ပြည်နယ်အစိုးရမှ နေရာချပေးမှုနှင့် ပတ်သက်၍ နေရာလွဲနေသဖြင့် ဆွေးနွေးညှိနှိုင်းနေရသည်ဟု ဒုက္ခသည် ဒေါ်အေးအေးစန်းက ပြောသည်။

“ကျွန်မက ဒီမှာနေရာ လွဲနေလို့၊ အခုဒီမှာ ပြောနေရသေးတယ်။ အခုမှဘဲ လူကြီးတွေနဲ့ စကားပြောနေရတယ်။ ကျွန်မက ပထမ ရန်ကုန်အနီးတဝိုက်မှာ နေမယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ အခုဒီမှာ ပဲခူးကို ပြန်ဖို့ ကျွန်မတို့ကို သူတို့က ပြော နေလို့ ကျွန်မတို့က မနေချင်ဘူးလို့ ပြောထားတယ်။ အခု အဲဒီကိစ္စရှင်းနေတာ မပြီးသေးဘူး” ဟု သူက ပြောသည်

သူက ဆက်လက်ပြီး “ ဒုက္ခသည်စခန်းမှာကျတော့ UNHCR က အခြေချခွင့် မရှိတော့ဘူး။ နေရပ်ဌာနကို ပြန်ရမယ်။ နေရပ်ဌာနကလည်း အကုန်လုပ်ပေးမယ် ပြောထားတာပေါ့နော်။ အဆင်ပြေအောင် အကုန်လုပ်ပေးမယ်ပြောလို့ အဲဒီလိုမျိုး ရှေ့ရေး နောက်ရေးကြည့်ပြီးတော့ပြန်လာတာ”ဟု ပြောသည်။

ဒုက္ခသည်များ၏ နေရပ်ရင်းများဖြစ်သော ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ချင်းပြည်နယ်၊ မော်လမြိုင်နှင့် ကရင်ပြည်နယ်များသို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်သလို၊ အချို့ ဒုက္ခသည်များသည် မြဝတီမြို့အနီး ဖလူးဒေသအနီးရှိ နီပွန်ဖောင်ဒေးရှင်း က ဆောက်လုပ်ပေးထားသော တန်ဖိုးနည်း အိမ်ယာစီမံကိန်းနေရာသို့ ပြန်လည်နေထိုင်မည်ဖြစ်ကြောင်း သိရသည်။

မူလက အောက်တိုဘာလ ၂၅ ရက်တွင် ပြန်မည်ဖြစ်သော်လည်း အခြေအနေအရ ယနေ့မှပြန်ကြခြင်းဖြစ်ပြီး ဒုက္ခသည် ၉၀ ခန့် ပြည်တော်ပြန်ရန် ပြောဆိုထားသော်လည်း ၆၅ ဦးသာ ပြန်သွားကြောင်း သိရသည်။

ယခုကဲ့သို့ နို့ဖိုး ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၆၅ ဦးပြန်သွားခြင်းအပေါ် ကန့်ကွက်ခြင်း မရှိသော်လည်း လက်ရှိ အခြေ အနေအရ မြန်မာနိုင်ငံတွင် လုံခြုံမှု မရှိသေးကြောင်း တွေ့မြင်နေရသဖြင့် ပြည်တော်ပြန်ရန် အချိန်မတန်သေးကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC) မှ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။

“ကျမတို့ လက်ရှိ အခြေအနေအပေါ်မှာ ပြောရမယ်ဆိုရင် ကရင်ပြည်နယ်ကို ပြန်မယ်ဆိုရင် ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ လတွင်းမှာဘဲ ပူပူနွေးနွေး တိုက်ပွဲတွေ ဖြစ်နေတယ်။ အခု သောင်ရင်းမြစ် ကမ်းနဘေး နော်တနဲ့ ထီးသေခီးဆိုတဲ့ နေရာ မှာ ၁၀၀၀ ကျော်လောက်ရှိနေတယ်။ အဲဒီလူတွေ အခုချိန်ထိ မပြန်ရဲသေးဘူး။  တိုက်ပွဲဖြစ်နေတဲ့ အချိန်နော်။ ပူပူနွေ နွေးဘဲ။ နောက်ဆက်ပြီး မဖြစ်ဘူးဆိုတာ ဘယ်သူက အာမခံမလဲ။ ဒီလုူတွေကို ပြန်ဖို့ စီစဉ်ပေးတယ် ဆိုတာတော့ ကျွန်မတို့လည်း နားမလည်ဘူး ” ဟု သူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကရင်ပြည်နယ် မယ်သဝေါ ဒေသအနီးရှိ   ကျေးရွာများမှ သောင်ရင်းမြစ်နဘေး   နော်တဒေသတွင် စစ်ပြေး ဒုက္ခသည် ၄၀၀ ကျော်နှင့် ထီးသေခီးဒေသတွင် ဒုက္ခသည် ၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

နှစ်ပေါင်း ၃၀ ကျော်ကြာ ထိုင်း- မြန်မာနယ်စပ် တာ့ခ်၊ ကန်ချနဘူရီ၊ ရာချ်ပူရီနှင့် မယ်ဟောင်ဆောင် စသည့် ခရိုင် ၄ ခု တွင် မြန်မာဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း ၁ သိန်းကျော် ခိုလှုံနေကြ   ခြင်းဖြစ်ကာ နို့ဖိုး ဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၁၁၀၀၀ ခန့် ရှိရာမှ ၆၅ ဦး ပထမဆုံးအကြိမ် ပြည်တော်ပြန်သွားခဲ့ခြင်း ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly