ရန်ကုန်၊ အောက်တိုဘာ ၁၆ ။ ။ ကချင်၊ ရှမ်း နှင့် ကရင်ပြည်နယ်များတွင် ထိုးစစ်ဆင်နေမှုများကို အစိုးရတပ်မတော်အနေနှင့် ရပ်တန့်ပေးဖို့ ညီညွှတ်သောတိုင်းရင်းသားမဟာမိတ်အဖွဲ့(UNA) ကတောင်းဆိုလိုက်သည်။
အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်သည့် ညီညွတ်သောတိုင်းရင်းသားမဟာမိတ်အဖွဲ့(UNA) ၏ အစည်းအဝေးအပြီးတွင် သဘောထားထုတ်ပြန်ပြီး တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။
"အပစ်အခတ်တွေ ရပ်စဲဖို့ရယ်၊ နောက် ရခိုင်ပြည်သူပြည်သားများနှင့် တသားထဲရှိတယ်ဆိုတဲ့ကိစ္စရယ် အဲ့ဒါတွေပါပဲ" ဟု တောင်းဆိုချက်များနှင့်ပတ်သက်ပြီး UNA အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မဇ္ဈိမသို့ပြောသည်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်သားများနှင့် UNA အဖွဲ့အနေနှင့် တသားထဲ ရှိနေကြောင်း ဦးစိုင်းညွန့်လွင်က ပြောသည်။
UNA အဖွဲ့၏ ထုတ်ပြန်ချက်ထဲမှာ နောက်တစ်ကြိမ် ကျင်းပမည့် ၂၁ ပင်လုံညီလာခံတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ရေးနှင့် နိုင်ငံရေးပါတီများ အားလုံးပါဝင်နိုင်ရေး အတွက် အစိုးရကိုတောင်းဆိုသည့် အချက်လည်း ပါဝင်ခဲ့သည်။
UNA ၏ ထိပ်သီးအစည်းအဝေးတွင် UNA အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့်အဖွဲ့များထဲက ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီနှင့် ရှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီတို့ကို UNA အဖွဲ့ဝင်တွေအဖြစ်လက်ခံခဲ့ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ကိုတော့ တိုင်းရင်းသားပါတီ မဟုတ်တဲ့အတွက် ငြင်းပယ်လိုက်ကာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံရန် ယာယီဆိုင်းငံ့ထားကြောင်း သိရသည်။