တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ယုံကြည်မှု ပျက်ပြားပြီး ဆွေးနွေးဖြေရှင်းမှု ပိုခက်ခဲစေဟု UNFC ပြော

တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ယုံကြည်မှု ပျက်ပြားပြီး ဆွေးနွေးဖြေရှင်းမှု ပိုခက်ခဲစေဟု UNFC ပြော
ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ။ ၂၆ စက်တင်ဘာ ၂၀၁၄။ ဓာတ်ပုံ ဘိုဘို။

ချင်းမိုင်၊ အောက်တိုဘာလ ၇ ။            ။ မြန်မာ့တပ်မတော်မှ စစ်ရေးနည်းဖြင့် ဖြေရှင်းလာမှုသည် ယုံကြည်မှု ပျက်ပြားစေပြီး နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် ပိုမို ခက်ခဲလာစေသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုက္ကဌ နိုင်ဟံသာက ပြော သည်။

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် အနီးသို့ မြန်မာတပ်မတော်မှ ထိုးစစ် ဆင်လာ မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ UNFC က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တဖက်က စစ်ရေးအရ လက်ဦးမှု ရယူပြီးတော့မှ စစ်ရေးအရ ဖြေရှင်းဖို့ဆိုတဲ့ဟာကို ကြိုးပမ်းနေတာ။ ဖိအားပေးတဲ့ သဘောပေါ့။ မြန်မြန်လက်မှတ်ထိုးဖို့ ဖိအားပေးတာ ဖြစ်နိုင်တယ်။ ဒါက သူတို့ ဖိအားပေးတဲ့ ပုံစံနဲ့တော့ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူး။ အမှန်မှာတော့ အေးအေးချမ်းချမ်းနဲ့ ဖြေရင်းဖို့ အားပေးရမဲ့ အနေအထားမျိုးမှာ ဒီလို စစ်ရေးနည်းနဲ့ ပိုပြီး တော့ ကြိုးပမ်းလာလည်း ယုံကြည်မှုကို ပိုပြီးတော့ ပျက်ပြားပြီးတော့ ဆွေးနွေး ဖြေရှင်းဖို့က ပိုပြီးခဲသွားမယ်”ဟု နိုင်ဟံသာက ပြောသည်။

ယခုကဲ့သို့ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုသည် စစ်ရေးအရ ဖြေရှင်းမှုကို ကြိုးပမ်းနေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စာချုပ်မူကြမ်း(NCA)ကို လက်မှတ်ရေးထိုးရန် ဖိအားပေးခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း သူက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ၃ ရက်ကြာရောက်ရှိသော အမေရိကန် ပြည်ထောင်စု ပစိဖိတ်စစ်ဌာနချုပ်၏ ဒုစစ်ဦးစီးချုပ် ဒုဗိုလ် ချုပ်ကြီး အန်ထော်နီခရပ်ချ်ဖီးလ်နှင့် UNFC နှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများမှ ခေါင်းဆောင်များ အပါအဝင် ၁၀ ဦးခန့်က စက်တင်ဘာလ ၄ ရက်က ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးတွင် တွေ့ဆုံမှုရာလည်း လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များအား၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့ပြီး နောက်ပိုင်း အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံမှုတွင် UNFC မှ ဒုဥက္ကဌ နိုင်ဟံသာ အပါအဝင် တိုင်းရင်းသား လူမျိုးများရေးရာစင်တာ(ENAC) မှ ၄ ဦး နှင့်  NCA လက်မှတ်ရေး ထိုးထား သော KNU၊ PNLO၊ ABSDF ၊ RCSS ၊ CNF တို့မှ ခေါင်းဆောင်များလည်း တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းနှင့် တစ်နိုင်ငံလုံး တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန့်ရန်အတွက် အောက် တို ဘာလ ၆ ရက်က မြစ်ကြီးနားမြို့တွင် ပြည်သူလူထူ သောင်းချီက လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags