ကချင်ဒေသစစ်ရှောင်များအတွက် ပညာရေးစနစ်ချဲ့ထွင်မှု

ကချင်ဒေသစစ်ရှောင်များအတွက် ပညာရေးစနစ်ချဲ့ထွင်မှု

ကချင်လက်နက်ကိုင်အဖွဲ့ (KIA)ဟာရာနဲ့ချီတဲ့စစ်ဘေးရှောင်လူငယ်တွေရဲ့ ပညာရေးခါးဆက်မပြတ်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်နေတဲ့ အစီအစဉ်ပေါင်းများစွာကိုဦးစီးနေတယ်ဆိုပေမယ့် ဒီသင်ကြားရေးစနစ်တွေကိုအစိုးရဘက်ကတော့ အသိအမှတ်မပြုပါဘူး။

မိုင်ဂျာယန်မြို့ထဲကအထက်တန်းကျောင်းသားတွေနေတဲ့ ဘော်ဒါဆောင်မှာဆရာနဲ့ ဆရာမတွေကိုယ်တိုင် ဦးစီးပြီးကျောင်းသားတွေအတွက်ညစာချက်ပြုတ်ရင်းအလုပ်များနေကြပါတယ်။ မီးဖိုဆောင်ဘေးက တန်းလျားဆောင်ကြီးထဲမှာတော့ ယောကျ်ားလေးတချို့က အဆောင်အပြင် အပေါက်ဝနားက ခုတင်ပေါ်မှာလူစုပြီး သက်သောင့်သက်သာနေနေကြပါတယ်။

တချို့က အိပ်၊ တချို့ကစာဖတ်နေချိန် ၁၆ နှစ်အရွယ် လဖိုင်က ဂီတာတီးနေပါတယ်။ သူကတက္ကသိုလ်ဝင်တန်းစာမေးပွဲမကြာခင်မှာ ဝင်ရောက်ဖြေဆိုတော့မှာဖြစ်ပေမယ့် စာမေးပွဲအောင်သွားလို့ အောင်လက်မှတ်ရရင်တောင်မှ မြန်မာအစိုးရအတွက် ဘာမှမဟုတ်တဲ့လက်မှတ်တစ်ခုသာ ဖြစ်လာမယ်လို့ ပြောပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ လဖိုင်အပါအဝင် ရာနဲ့ချီတဲ့လူငယ်တွေဟာ KIAရဲ့နိုင်ငံရေးအဖွဲ့အစည်း ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဦးစီးတဲ့ကျောင်းမှာတက်ရောက်ပြီး ပညာသင်ယူနေကြတာကြောင့် ဖြစ်ပါတယ်။

“ကျွန်တော် မြစ်ကြီးနားကတက္ကသိုလ်မျိုးကိုသိပ်တက်ချင်တာ။အခုအခြေအနေကတော့ ဘယ်လိုမှ ဒီအခွင့်အရေးကိုမရတော့ဘူး။ အဲ့ဒါကြောင့် ၁ဝတန်းအောင်ရင် ကျောင်းဆက်မတက်တော့ဘဲKIA တပ်ထဲကိုပဲဝင်တော့မယ်လို့ စဉ်းစားလိုက်တာ” လို့ မောင်လဖိုင်ကပြောပါတယ်။

“ကျွန်တော်ကတော့ KIA ထဲမှာရာထူးခပ်ကြီးကြီး တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်”

သူ၁၁ နှစ်အရွယ်မှာလဖိုင်တို့မိသားစုဟာဝိုင်းမော်မြို့နယ်၊ နာဆိုင်းယံရွာကနေ စစ်ဘေးရှောင်လာတာဖြစ်ပြီး အဲဒီအချိန်ကစလို့ KIA ထိန်းချုပ်နယ်မြေထဲက အင်ခေါင်းပါဒုက္ခသည်စခန်းမှာ နေထိုင်နေကြတာပါ။

မြန်မာအစိုးရဟာ KIOကို တရားမဝင်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားပါတယ်။ ဒါကြောင့်  KIO နယ်မြေထဲမှာ၂ဝ၁၁ ခုနှစ် စစ်ပွဲတွေပြန်ဖြစ်ကတည်းက ခိုလှုံရောက်ရှိနေထိုင်နေကြတဲ့ စစ်ပြေးအရပ်သားဒုက္ခသည် ၄ဝ,ဝဝဝခန့် အတွက်  KIO  စီစဉ်ပေးတဲ့ လူမှုဝန်ထမ်း၊ ကျန်းမာရေး၊ ပညာရေးစတဲ့ အရပ်ဘက် လုပ်ငန်းတွေကို ထောက်ပံ့ကူညီတာဒါမှမဟုတ် အသိအမှတ်ပြုတာမျိုးတွေ မလုပ်ပါဘူး။

ဒီလိုမျိုးစိန်ခေါ်မှုတွေ၊ နှစ်နဲ့ချီရှည်ကြာနေတဲ့စစ်ပွဲတွေ ရှိပေမယ့်လည်း KIOဟာနေရပ်စွန့်ခွာ ပြည်သူတွေအတွက် ပညာရေးအစီအစဉ်ကြီးတစ်ခုကိုတည်ထောင်နိုင်ခဲ့ပါတယ်။အဲဒီအစီအစဉ်ထဲမှာဆိုရင် ကချင်လူငယ်တွေကိုကောလိပ်အကြိုတန်းတွေ၊ အဆင့်မြင့်ပညာသင်တဲ့ကျောင်းတွေအပြင် နိုင်ငံရပ်ခြားမှာ သွားရောက်ပညာသင်နိုင်ဖို့အထိပါ ကူညီဆောင်ရွက်ပေးပါတယ်။

KIO ရဲ့ ပညာရေးဌာနဒါရိုက်တာဦးခွန်နောင်ကဒီနှစ် သူတို့ အထက်တန်းကျောင်းကနေ စာမေးပွဲအောင်တဲ့ကျောင်းသား ၃ဝဝရှိတယ်။ အဲဒီထဲက ၁၃ဝဟာသူတို့ရဲ့ ကောလိပ်အကြိုအစီအစဉ်တွေမှာ တက်နေကြတယ် လို့ Myanmar Now ကိုပြောပါတယ်။

စစ်ကြောင့်ပညာရေးကစင့်ကလျားဖြစ်မှု

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကာလရှည်ကြာတောင်းဆိုတိုက်ပွဲဝင်နေကြတာဖြစ်ပြီးပညာရေး၊ မိခင်ဘာသာစကားနဲ့ ယဉ်ကျေးမှု သင်ကြားခွင့်တို့ကိုပါ တောင်းဆိုခဲ့ကြတာပါ။

 KIO ဟာသူ့ရဲ့ပထမဆုံးသောပညာသင်ကျောင်းကို ၁၉၆၄မှာဖွင့်လှစ်ခဲ့ပြီး KIO ပညာရေးဌာနကို ၁၉၇၈ မှာဖွင့်လှစ်ခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပေးတဲ့ လူမှုရေးဝန်ဆောင်မှုများအကြောင်း၂ဝ၁၄ ခုနှစ်ထုတ်အာရှဖောင်ဒေးရှင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။ ၂ဝ၁၁ ခုနှစ် အပစ်အခတ်ရပ်စဲရေးပျက်ပြယ်မသွားခင် ၁၇ နှစ်တာကာလအတွင်း KIO ပညာရေးဌာနဟာအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနနဲ့လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ အခြေခံအဆင့်ပညာရေးကိုအဓိကလုပ်ကိုင်တဲ့ KIO ဘက်ကထုတ်ပေးတဲ့အောင်လက်မှတ်တွေကိုအစိုးရကအသိအမှတ်ပြုခဲ့ပါတယ်။

တိုက်ပွဲတွေပြန်လည်ဖြစ်ပွားပြီး ၂ နှစ်အကြာ ၂ဝ၁၃ အောက်တိုဘာလရောက်တဲ့အချိန်မှာတော့  KIOပညာရေးဌာနအောက်မှာအထက်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်း ၃၂ ကျောင်း၊မူလတန်းကျောင်း ၂၄၃ ကျောင်းဖွင့်လှစ်ထားတယ်လို့ အဆိုပါအစီရင်ခံစာကဆိုတယ်။ အဲဒီကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းတွေဟာ နိုင်ငံပိုင်ကျောင်းတွေနဲ့အတူတူပဲဖြစ်ပေမယ့် ဂျိန်းဖောဘာသာနဲ့ပဲသင်ကြားပါတယ်။ ဒါ့ပြင် ကချင်ယဉ်ကျေးမှုကိုအဓိကထားတဲ့ အတန်းတွေလည်းရှိပါသေးတယ်။

မကြာသေးမီနှစ်များအတွင်းမှာတော့ အဆင့်မြင့်ပညာရေးအခွင့်အလမ်းတွေမရှိတဲ့အချက်ကို KIOက ဖြေရှင်းဖို့ ကြိုးစားလာခဲ့ပါတယ်။  KIO လက်အောက်ကကောလိပ်တွေပဲဖြစ်ဖြစ်၊ နိုင်ငံခြားတက္ကသိုလ်တွေပဲဖြစ်ဖြစ် မတက်ခင်မှာအကြိုပြင်ဆင်ပေးတဲ့ ကောလိပ်ကြိုသင်တန်းအစီအစဉ်ကိုတည်ထောင်ခဲ့တယ်လို့ ဦးခွန်နောင်ကပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ပရီကောလိပ်မှာအင်္ဂလိပ်၊ ကွန်ပျူတာသိပ္ပံနဲ့ အခြား နိုင်ငံခြားဘာသာစကားတွေကိုအဓိကသင်ကြားပေးပါတယ်”လို့ ဦးခွန်နောင်ကရှင်းပြပါတယ်။

 KIO လက်အောက်ခံအထက်တန်းကျောင်းတွေဟာကချင်ပြည်နယ်အစွန်အဖျားချို့ငဲ့တဲ့ အစိုးရကျောင်းတွေနဲ့ယှဉ်ရင် နာမည်ကောင်းရပါတယ်၊ အထူးသဖြင့် အင်္ဂလိပ်စာဘာသာရပ်တန်းတွေမှာပါ။ ဒါပေမဲ့လည်းကျောင်းသားမိဘတချို့ကတော့ သူတို့ရဲ့ကလေးတွေကိုအစိုးရလက်အောက်ခံဒေသများမှာရှိတဲ့ နိုင်ငံပိုင်ကျောင်းတွေမှာထားဖို့ ပိုပြီးအာသီသရှိပါတယ်။

“ကျွန်မကတော့ ကလေး ၃ ယောက်လုံးကိုမေမြို့(ပြင်ဦးလွင်)မှာကျောင်းသွားထားတယ်။ ဟိုမှာကျွန်မရဲ့ မိဘတွေလည်းရှိနေတော့ သူတို့နဲ့ပဲ ပြန်ထားလိုက်တယ်။ ကိုယ်ကသာဒီမှာစီးပွားရှာနေတာ” လို့  ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ၁၄ နှစ် နီးပါးစီးပွားရေးလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ဇာတိမမိငယ်ကဆိုပါတယ်။

“ဒီမှာကစစ်ပွဲနောက်ပိုင်းမှာကလေးတွေရဲ့ ပညာရေးကခက်ခဲသွားရော။ ဒီကနေဘွဲ့တစ်ခုခုရသွားရင်တောင်မှ မြန်မာနိုင်ငံထဲမှာဘယ်သူကမှ အသိမှတ်မပြုတော့ ကိုယ့်ကလေးရဲ့ ရှေ့ရေးခက်မှာကိုစိုးရိမ်ရတယ်” လို့ သူကဆက်ပြောတယ်။

လက်နက်ကိုင်အဖွဲ့ဖွင့်တဲ့ကောလိပ်ကျောင်း

 KIO ဟာသူ့ကိုယ်ပိုင်အဆင့်မြင့်ပညာရေးဌာနကြီးတွေကိုလည်းဖွင့်လှစ်ထားတဲ့ထဲမှာမိုင်ဂျာယန် ပညာရေးတက္ကသိုလ်၊ Center for Intensive English Program, Federal Law Academy, MyenJu College တို့လည်းပါဝင်ပါတယ်။

MyenJu College ကို ၂ဝ၁၅ စက်တင်ဘာလမှာတည်ထောင်တယ်လို့ သိရပြီး နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာပညာလေ့လာမှုများ၊ ကချင်ဘာသာစကား၊အခြေခံအုပ်ချုပ်ရေးဆိုတဲ့ ဘာသာရပ်ငါးခုကိုတစ်နှစ်သင်တန်းအနေနဲ့ဖွင့်လှစ်သင်ကြားပါတယ်။

“KIO အထက်တန်းကျောင်းကိုအောင်တဲ့သူအားလုံး ကျွန်တော်တို့ဒေသကအဆင့်မြင့်ပညာရေးဌာနတွေမှာတက်ရောက်သင်ယူနိုင်တယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကိုတော့ သူတို့ဘာသာပေးရတယ်။ ပညာသင်နှစ်တစ်နှစ်လုံးစာအတွက်ဆိုရင် ကျပ်၇ဝဝ,ဝဝဝကျသင့်ပါတယ်။ အဲဒီမှာဘော်ဒါဆောင်ခနဲ့ ထမင်းစရိတ်ပါပြီးသားပါ”လို့ ဦးခွန်နောင်ကပြောပါတယ်။

နိုင်ငံခြားကတက္ကသိုလ်တွေမှာကျောင်းပြီးခဲ့တဲ့ကချင်လူငယ်တွေကလည်း KIOဒေသတွေကိုပြန်လာပြီးအဆင့်မြင့် ပညာရေးဌာနတွေဖွင့်လှစ်နိုင်ဖို့ ကူညီကြတယ်၊ နိုင်ငံခြားတက္ကသိုလ်တွေကကထိကတချို့ကလည်းလာရောက် ကူညီကြတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့ပြင်  KIOအနေနဲ့ သူတို့ရဲ့ ကောလိပ်အကြိုတန်းတွေအောင်မြင်ပြီးထားတဲ့ကျောင်းသူကျောင်းသားတွေ နိုင်ငံခြားတက္ကသိုလ်တွေမှာသွားရောက်သင်ယူနိုင်ဖို့အတွက် အစီအစဉ်တွေ လုပ်ထားတယ်လို့ ဦးခွန်နောင်ကပြောပါတယ်။

“ဒီကအထက်တန်းအောင်တွေအနေနဲ့  KIOကဖွင့်လှစ်တဲ့ ကောလိပ်အကြိုတန်းတွေတက်ရမယ်၊ ပြီးရင် တရုတ်နဲ့ ထိုင်းမှာရှိတဲ့ တက္ကသိုလ်တွေမှာကျောင်းဆက်တက်နိုင်မယ်”လို့ သူကပြောတယ်။ ချင်းမိုင်၊ ခွန်ကန်တို့ဟာဆိုရင် သူတို့ဆီကကျောင်းသားတွေကိုလက်ခံတဲ့တက္ကသိုလ်တွေထဲမှာပါတယ်လို့ ဦးခွန်နောင်က ဖြည့်စွက်ပြောပါတယ်။

အစိုးရကျောင်းတွေကနေမိုင်ဂျာယန်မြို့က  KIOရဲ့တက္ကသိုလ်/ကောလိပ်တွေမှာတက်ဖို့ ပြောင်းရွှေ့လာကြသူတွေလည်းအနည်းအကျဉ်းရှိပါတယ်။

၂၃ နှစ်အရွယ် နော်ဖန်းကလားရှိုးတက္ကသိုလ်မှာဥပဒေဘွဲ့ကိုရခဲ့ပြီးပေမယ့် ကိုယ့်လူမျိုးတွေမှာဥပဒေဆိုင်ရာအကာအကွယ်မရတဲ့ကိစ္စရပ်တွေ အများကြီးရှိနေခဲ့တာကို မြင်တွေ့ရတဲ့အတွက် ဖယ်ဒရယ်ဥပဒေအကယ်ဒမီမှာ၂ နှစ် ဥပဒေသင်တန်းကိုထပ်မံတက်ရောက်ပြီးကိုယ့်လူမျိုးတွေကိုဥပဒေရဲ့ အကာအကွယ်ရဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တွေစီစဉ်တဲ့ပညာရေးရဲ့အနာဂတ်

KIO ပညာရေးစနစ်ရဲ့အနာဂတ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မူတည်သလိုဖက်ဒရယ် ပြည်ထောင်စုတည်ထောင်နိုင်ခြင်းရှိမရှိ အပေါ်မှာမူတည်တယ်လို့ ဦးခွန်နောင်ကပြောပါတယ်။ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရင်တော့ တိုင်းရင်းသားလူနည်းစုတွေဟာပညာရေးဝန်ကြီးဌာနနဲ့လက်တွဲပြီးကိုယ်ပိုင်ကျောင်းတွေဖွင့်လှစ်လာနိုင်မယ်လို့ သူကဆိုပါတယ်။

“ငြိမ်းချမ်းရေးရပြီးရင်တော့ ဒီမိုကရေစီပညာရေးစနစ်ပေါ်ထွန်းလာတာကို မြင်ကြရတော့မှာပါ”လို့ သူကပြောပါတယ်။

မိုင်ဂျာယန်မှာအခြေစိုက်ပြီး KIOအထက်တန်းကျောင်းကကျောင်းသူကျောင်းသားတွေကိုကူညီထောက်ပံ့ နေတဲ့ ဝမ်ပေါင်နင်းတွဲအမည်ရှိ ကချင်လူမှုအဖွဲ့မှမေရီတောင်ကလက်နက်ကိုင်ထိန်းချုပ်ဒေသတွေမှာပညာသင်ကြားခဲ့ကြတဲ့ ကချင်လူငယ်များကိုကူညီနိုင်မယ့်နည်းလမ်းတစ်ခုကိုရှာတွေ့ပြီးသူတို့ရဲ့ပညာရေးအဆင့်အတန်းကိုအသိအမှတ်ပြုနိုင်ဖို့ မျှော်လင့်တယ်လို့ပြောပါတယ်။

“အစိုးရအနေနဲ့ နိုင်ငံသားအားလုံးရဲ့တာဝန်ကိုယူသင့်တယ်”လို့ မေရီတောင်ကပြောပါတယ်။

ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်ရေးကော်မတီဝင် ဆလိုင်းရီယန်းဗဲလ် (ခ) ဆလိုင်းရန်းဗယ်ကအစိုးရသစ်အနေနဲ့ ကချင်ပြည်နယ်မှာပညာရေးကဏ္ဍပိုမိုအားကောင်းလာအောင် ဦးစားပေးပြီးဒီပြည်နယ်ရဲ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးရရှိအောင် ကြိုးပမ်းမှုမှာမဖြစ်မနေပါဝင်ဖို့လုပ်မယ်လို့ ပြောပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့မသူသူမာက KIAနဲ့ အစိုးရတို့အကြားအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်တာနဲ့ တပြိုင်နက်တည်းအစိုးရနဲ့  KIO ရဲ့ပညာရေးဌာနတို့ပေါင်းပြီးပညာရေးကဏ္ဍအတွက်လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

“အဓိကကတော့ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးမရှိရင် စစ်ဒဏ်ခံဒေသကကလေးတွေဟာပညာရေးမှာနောက်ကျနေမှာပဲ။ ဒါဟာသူတို့ရဲ့ နိုင်ငံသားအခွင့်အရေးဆုံးရှုံးရတာနဲ့အတူတူပဲ”လို့ မသူသူမာကပြောလိုက်ပါတယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags