လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အားနည်းချက်၊ အားသာချက်မျာကို သုံးသပ်ပြီး စီမံကိန်းရေးဆွဲရန် ရဲချုပ်ပြော

လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အားနည်းချက်၊ အားသာချက်မျာကို သုံးသပ်ပြီး စီမံကိန်းရေးဆွဲရန် ရဲချုပ်ပြော
(ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂၇၊ ၂၀၁၆ခုနှစ်)။ ။ ယခင် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး  မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ် စီမံကိန်းတွင် ထည့်သွင်းရေးဆွဲကြရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်၊ ရဲချုပ် ဇော်ဝင်းက ပြောကြားသည်။

"ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အားနည်းချက်၊ အားသာချက်များကိုသုံးသပ်ပြီး တတိယ(၅)နှစ်စီမံကိန်း (၂၀၁၇- ၂၀၂၁)မှာ ပြည့်စုံစွာ ရေးဆွဲ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်" ဟု ရဲချုပ်ဇော်ဝင်းက ပြောသည်။

ဇူလိုင် ၂၇ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ(၅)နှစ်စီမံကိန်းအပေါ် ပြန်လည်သုံးသပ်မှု(5th Years Plan Review)နှင့် တတိယ(၅)နှစ် စီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် ရဲချုပ်ဇော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ(၅)နှစ် (၂၀၁၂- ၂၀၁၆) စီမံကိန်းတွင်မူ မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်တားဆီးကာကွယ်ရေး၊ တရားစွဲဆိုရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် စွမ်းအင်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာစီမံကိန်းရေးဆွဲရန် အဖွဲ့ဝင် ၂၁ဦးပါဝင်သော မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ကို ၂၀၀၈ခုနှစ်၊ မတ်လ ၂၇ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဖွဲ့ကို ၂၀၁၄ခုနှစ်၊ ဇူလိုင် ၂၃ရက်တွင် အဖွဲ့ဝင် ၃၂ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့၏ ဥက္ကဌအဖြစ် ရဲချုပ်ဇော်ဝင်းက တာဝန်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags