ခိုင်မာသော ဖက်ဒရယ်စနစ်အခြေခံမူများ ချပြနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ချင်းမိုင်တွင် ဇူလိုင် ၆ ရက်နေ့မှ စတင် တွေ့ဆုံဆွေးနွေး

ခိုင်မာသော ဖက်ဒရယ်စနစ်အခြေခံမူများ ချပြနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ချင်းမိုင်တွင် ဇူလိုင် ၆ ရက်နေ့မှ စတင် တွေ့ဆုံဆွေးနွေး

ဇူလိုင် ၇ ချင်းမိုင်(မဇ္ဈိမ)။            ။ လာမည့် ၂၁ ရာစုပင်လုံ ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ခိုင်မာသော ဖက်ဒရယ်စနစ်နှင့် အခြေခံမူများ ချပြနိုင်ရန်အတွက် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲ တစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၆ ရက်မှ စတင် ကျင်းပနေသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ holiday garden ဟိုတယ်တွင် ဇူလိုင်လ ၆ ရက်မှ ၈ ရက်အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွ့ဲအစည်းများမှ ကိုယ်စားလှယ်ပေါင်း ၃၀ ကျော် တက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။ 

ညီညွတ်သော တိုင်းရင်းသား လူမျိးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ခေါင်းဆောင်များလည်း ပါဝင် တက်ရောက်နေကြပါသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ဖက်ဒရယ် စနစ်ကို လိုလားပြီး ဖက်ဒရယ် ဖွဲ့စည်းပုံ မူကြမ်းကို တိကျခိုင်မာသည့် ပုံစံချမှတ်နိုင်ရေးအတွက် ယခုကဲ့သို့ ဖက်ဒရယ်ဆိုင်ရာ   တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်သည်ဟု UNFC မှ နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။

“၂၁ ရာစု ပင်လုံလည်း ခေါ်တော့မယ်ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေကြားထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ တူညီတဲ့ အမြင်တွေကို ရထားဖု့ိပေါ့။ အခုက တဖွဲ့နဲ့တဖွဲ့၊ တဦးနဲ့တဦး အမြင်တွေ ကွာခြားမှု ရှိတယ်။ အဲတော့ တဖက်က တူညီတဲ့ အမြင်တွေရဖို့ နောက် ရှင်းရှင်းလင်းလင်းရှိဖို့ လိုတယ်။ ဗဟုသုတလည်း ပြည့်စုံထားဖို့လိုတယ်။ ဝိုင်းထဲမှာ(၂၁ ရာစုပင်လုံ ညီလာခံ)လုပ်ရင် ကိုယ်က အချက်အလက်တခုကို လိုလားရင် ရှင်းရှင်းလင်းလင်းနဲ့ တင်ပြတတ်ဖို့ လိုတယ်။ ထောက်ပြ တတ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် ခုချိန်မှာ ပိုပြီး ပြည့်စုံ တိကျတဲ့ တဖက်က အားလုံးလည်း လက်ခံနိုင်တဲ့မူ သဘောထားတွေ ရထားဖို့တော့လိုနေပြီဗျ”ဟု နိုင်ဟံသာက ပြောသည်။

၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်လာပါက မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည် အဓိကအရေးကြီးဆုံး ပြဿနာ ဖြစ်သည်ဟု သူက ပြောသည်။

“ကျနော်တို့ တည်ဆောက်မယ့် ဖက်ဒရယ်နိုင်ငံဟာ လူမျိုးစု အပေါ်မှာ အခြေခံတဲ့ ဖက်ဒရယ်စနစ်မျိုး၊ လူမျိုးစုကို အခြေခံပြီးတော့ နယ်မြေတွေကို ခွဲခြားတဲ့ ပုံစံမျိုးပေါ့။ ပထဝီဝင်အပေါ်မှာ အခြေခံပြီးတော့ နယ်မြေကို ကွဲခြားတဲ့ ပုံစံမဟုတ် ဘူး။ နောက် အဲဒီ ဖက်ဒရယ်ကို တိုင်းရင်းသားတွေ အားလုံးလိုလားတဲ့ တိုင်းရင်းသားတွေ အားလုံး စုစုစည်းစည်းနဲ့ ရေရှည် ရပ်တည်နိုင်မယ့် တဖက်က လူမျိုးတမျိုးကနေပြီးတော့ အခြားလူမျိုးအပေါ်မှာ လွှမ်းမိုးဝါးမြိုမှု မရှိတဲ့ ပုံစံမျိုးကို လိုလားတယ်”ဟု သူက ပြောသည်။

ထို့ပြင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည် တိုင်းရင်းသားများအတွက် မရှိမဖြစ် အရေးကြီးသည့် အချက်ဖြစ်သလို၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ် မတည်ဆောက်နိုင်ပါက လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ငြိမ်းချမ်းရေးရရှိမည် မဟုတ်ကြေင်း နိုင်ဟံသာက ပြောသည်။

“ကျနော်တို့ နိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ ဆိုတဲ့နေရာမှာ အဓိကအကျဆုံး ပြဿနာကတော့ တိုင်းရင်းသားတွေ အားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ကို ဘယ်လို ဖော်ထုတ်မလဲ၊ ဒါအရေးကြီးဆုံး ပြဿနာ၊ ဒါကြောင့် ဒါက ဒီအချိန်မှာ ကျနော်တို့အတွက် အရေးကြီးဆုံး အနေအထားမျုးိဖြစ်နေတယ်လို့ မြင်တယ်”ဟု ပြောသည်။

ယနေ့ စတင်ကျင်းပသော ဖက်ဒရယ် ဆိုင်ရာတွေ့ဆုံဆွေနွေးပွဲတွင် တိုင်းရင်းသားလူမျုးိစုအပေါ် အခြေခံသည့် ပြည်နယ်နျင့် ပထဝီ အနေအထားအပေါ် အခြေခံသည့် ပြည်နယ်နှင့် အခြားဖက်ဒရယ် ပြည်ထောင်စု မှ အတွေ့အကြုံများ၊ အိန္ဒိယနိုင်ငံမှ ဖက်ဒရယ် စနစ်သို့ ပြုပြင်ပြောင်း လဲခြင်းများမှ သင်ခန်းစာများလေ့လာခြင်း၊ ဖက်ဒရယ်နိုင်ငံများတွင် ဥပဒေပြုမဏ္ဍိုင်အား လွတ်တော် ၂ ရပ် ဖြင့် ဖွဲ့စည်းခြင်း၊ ဂျာမဏီနိုင်ငံမှ ပြည်နယ် အစိုးရများနှင့် ပြည်နယ် လွှတ်တော်များအား လေ့လာခြင်း၊ ဖက်ဒရယ် စနစ်အတွင်းရှိ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစနစ်နှင့် လူနည်းစုများအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အစီအမံများ လေ့လာဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

သုံးရက်ကြာ ဆွေးနွေး၍ ရရှိသော အချက်အလက်များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နယ်မြေ မိုင်ဂျာယန်တွင် ကျင်းပမည့် ညီလာခံတွင် အားလုံး လက်ခံနိုင်သည့် ဖက်ဒရယ် မူကို ပြန်လည် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags