တေးသံရှင် ကဗျာဘွဲ့မှူး နှင့် ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင်တို့ အနုပညာရှင်အချို့ထံမှ ကျပ်သိန်းတစ်သောင်းကျော် လိမ်လည်သွားဟု လိမ်လည်ခံရသူများက ရှင်း

တေးသံရှင် ကဗျာဘွဲ့မှူး နှင့် ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင်တို့ အနုပညာရှင်အချို့ထံမှ ကျပ်သိန်းတစ်သောင်းကျော် လိမ်လည်သွားဟု လိမ်လည်ခံရသူများက ရှင်း

ရန်ကုန်၊ ဇွန် ၈ ။  ။ တေးသံရှင် ကဗျာဘွဲ့မှူး(ခေါ်)နော်စေးမူးဖော ZTH စက်သုံးဆီ မန်နေဂျင်းဒါရိုက်တာနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင် ZTH စက်သုံးဆီ တို့မှ ဂီတအနုပညာရှင်(ရေး၊ဆို၊တီး) မိသားစုများထံမှ ငွေကျပ် သိန်းတစ်သောင်းကျော် ရယူပြီး ပြန်မပေးခြင်း နှင့် ပတ်သက်၍ အနုပညာရှင်များမှ အမှန်တရားကို သိရှိစေရန် အသိပေး ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
 
တေးသံရှင် ကဗျာဘွဲ့မှူး နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင် တို့ှ ဂီတအနုပညာရှင်(ရေး၊ဆို၊တီး) မိသားစုများထံမှ ငွေကျပ် သိန်းတစ်သောင်းကျော် ရယူပြီး ပြန်မပေးခြင်း နှင့် ပတ်သက်ပြီး ထို အသိပေး ရှင်းလင်းပွဲ ကို ဇွန်လ ၇ရက် မနက် ၁၁နာရီက ရန်ကုန်မြို့ရှိ Orchid Hotel ၌ ပြုလုပ်ခဲ့သည်။
 
ငွေကြေးအလိမ်ခံရသူများတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်အနုပညာရှင်တချို့ ပါဝင်ကာ စုစုပေါင်း ၁၉ဦး အလိမ်ခံလိုက်ရခြင်းဖြစ်ပြီး အနုပညာရှင်များထဲတွင် အဆိုတော် မေခလာ ၊ ကော်နီ ၊ Lဆိုင်းဇီ ၊ ချစ်စမ်းမောင် ၊ ဆုန်သင်းပါရ် ၊ စင်ဒီ တို့အပြင် အခြားအနုပညာရှင်များလည်း ပါဝင်ကာ စုစုပေါင်း ငွေ သိန်းတစ်သောင်းကျော် အလိမ်ခံလိုက်ရခြင်းဖြစ်သည်။
 
အဆိုတော် မေခလာက "ရင်းနှီးမှုကို အကြောင်းပြသွားပြီးတော့ ချစ်ငယ်တို့ငွေတွေ ပါသွားခဲ့တာပါ။ သူအခုလုပ်သွားတဲ့သူတွေ အားလုံးက သူနဲ့အရမ်းရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ သူသည်လည်း အနုပညာ လောကမှာ နာမည်ကြီးနေတဲ့ ကလေး တစ်ယောက်ပါ။ သူတို့ရဲ့ တစ်နေ့ ဝင်ငွေက တစ်ရက်ကို မနည်းဘူး ဆိုတာ သူ့မိသားစုဆီကနေ သိခဲ့ရပါတယ်။ အဆိုတော်တွေဆီက ပါသွားတဲ့ ပိုက်ဆံက သူတို့ တစ်ရက်စာနဲ့ ပြန်ဖြေရှင်း လို့ရပါ တယ်။ အနုပညာသမားအချင်းချင်း မလုပ်သင့်ဘူးလို့ယူဆလို့ ရင်ဖွင့်ခြင်း ဖြစ်ပါတယ်။ သူ ကျွန်မတို့ အားလုံးကို လာပြောတဲ့အချိန်မှာ သူသည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်နေပြီ ချစ်ငယ်တို့ အနုပညာရှင်သမားတွေ သီချင်းဆိုနေမယ့်အစား အလုပ်လေးတစ်ခုလုပ်ကြပါလား ဆိုပြီး သူကိုယ်တိုင် လာပြောတဲ့ စကားပါ။ သူ့ရဲ့ ZTH ဆီဆိုင်မှာ အစုရှယ်ယာတွေ ဝင်ကြပါ။ တစ်ခုကို ၂၀၀၊ တချို့ကို တစ်စု ၅၀၀ လို့ ပြောပြီး ယူသွားခြင်း ဖြစ်ပါ တယ်။ သူတို့အမျိုးစုံ တိမ်းရှောင်နေတဲ့အတွက်ကြောင့် အခုလို တရားဝင် ပြောပြရခြင်းဖြစ်ပါတယ်" ဟု ပြောသည်။
 
တေးသံရှင် ကဗျာဘွဲ့မှူး နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင်တို့ ဂီတအနုပညာရှင်(ရေး၊ဆို၊တီး) မိသားစုများထံမှ ငွေကျပ် သိန်းပေါင်းများစွာ ရယူသွားခဲ့သော်လည်း ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင်ဘက်မှ လင်မယားခြင်း တရားဝင် ကွာရှင်းပြတ်ဆဲခဲ့ပြီးဖြစ်ကြောင်း ယခုဖြစ်ပေါ်နေသည့် ငွေများချေးယူသည့် ကိစ္စများ တွင် ဦးမျိုးမြင့်အောင်အား တိုင်ပင်အသိပေးခြင်းမရှိပဲ မိမိသဘောဆန္ဒနှင့် ဆောင်ရွက်ချက်များသာ ဖြစ်ပြီး ရှုပ်ထွေးသည့်ပြဿနာများပေါ်လာမှ ဦးမျိုးမြင့်အောင် သိရှိရခြင်းဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြသည့် အချက်အလက်များသည် မှန်ကန်မှုမရှိကြောင်းနှင့် ကဗျာဘွဲ့မှူးနှင့် ပတ်သက်သည့် ကိစ္စများသည် ဦးမျိုးမြင့်အောင်နှင့်လည်းကောင်း ၊ ZTH ဓာတ်ဆီဆိုင်မိသားစုနှင့် လည်းကောင်း မသက်ဆိုင်ကြောင်း ဦးမျိုးမြင့်အောင် အပေါ် အခြေအမြစ်မရှိပဲ စွပ်စွဲရေးသားခဲ့သူအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၇ရက်ထုတ် ကြေးမုံသတင်းစာတွင် တွေ့ရှိရသည်။

အဆိုတော် ကဗျာဘွဲ့မှူး မောင်ဖြစ်သူ အာပြဲ ၏ ဇနီးဖြစ်သူ မိုးနှင်းသက်မှ "အခုလက်ရှိ လုံးဝအဆက်အသွယ်မရဘူး။ သူ့ယောင်္ကျားကို ဖုန်းခေါ်တော့လည်း မကိုင်ဘူး သူကတော့ လုံးဝ ဖုန်းတွေပိတ်ထားပါတယ်။ သူတို့ဒီမှာ ရှိနေတယ်လို့ ကြားတယ်။ ဒါပေမယ့် ဆက်သွယ်လို့မရတော့ ဘယ်မှာ ရှိမှန်းမသိဘူး။ တကယ်တမ်း လိုချင်တာက သူ့အမျိုးသားဘက်ကနေ အနည်းအများ ကူညီပေးတာတော့ ပြန်လိုချင်တယ်။ သူတို့က အရမ်းချမ်းသာတဲ့သူတွေဆိုတာ ကိုယ်လည်းသိနေတယ်။ တရားလည်းမစွဲချင်ဘူး။ တရား ရင်ဆိုင် ရတာမျိုးလဲ မဖြစ်ချင်ဘူး။ အခုလိုမျိုးလဲ အရှက်မကွဲစေချင်ဘူး။ အခုလိုပြောရတာကိုက ကိုယ့်ပေါင်ကို လှန်ထောင်းသလိုဖြစ်နေပြီ။ အရမ်းလည်းရှက်ပါတယ်" ဟုပြောသည်။

အဆိုတော် ဆုန်သင်းပါရ် က "အမနဲ့တွေ့ဖို့ ပြောထားတာ မေလ ၂၉ရက်နေ့ အဲဒီကနေစပြီး လုံးဝ မဆက်သွယ်တော့တာ။ ရှေ့ဆက် ဘယ်လိုလုပ်မယ် ဆိုတာ အားလုံးတိုင်ပင်ပြီး လုပ်သွားရမှာပါ။ ကိုယ် ယုံကြည်တဲ့ သူငယ်ချင်း တစ်ယောက် လျော့သွားတာပေါ့။ လူတွေ အားလုံးမယုံကြည်ရဘူး ဆိုတာ ဒါသက်သေပြသွားတာပါပဲ" ဟု ပြောသည်။

တေးသံရှင် ကဗျာဘွဲ့မှူးနှင့် ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင် (ZTH စက်သုံးဆီလုပ်ငန်း) တို့မှ ဂီတ အနုပညာရှင် များထံမှ ငွေကြေးများ ရယူပြီး ပြန်မပေးခြင်းနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဘက် ညှိနှိုင်းဖြေရှင်းပေးရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများထံသို့ အနုပညာရှင် များမှ စုပေါင်းလက်မှတ်ရေးထိုး တင်ပြသွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly