သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေးဥပဒေ အမြန်ဆုံးပြဌာန်းရန် အစိုးရကြိုးပမ်းနေ

သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေးဥပဒေ အမြန်ဆုံးပြဌာန်းရန် အစိုးရကြိုးပမ်းနေ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၁၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ အသက်ကြီးသော်လည်း သန်စွမ်းသေးသည့် သက်ကြီးရွယ်အိုများကို
သင့်တော်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် မစွမ်းတော့သည့် သက်ကြီးရွယ်အိုများအတွက်
ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ကာ သက်ကြီးရွယ်အို ကာကွယ်စောင့်ရှေက်ရေး ဥပဒေကြမ်းတစ်ရပ်အား
ရေးဆွဲလျက်ရှိပြီး ဥပဒေအဖြစ် အမြန်ဆုံးပြဌာန်းနိုင်ရန် ကြိုးပမ်းနေသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇွန်လ ၁၁ရက်တွင်
မဇ္ဈိမကို အတည်ပြုပြောကြားသည်။

"ဥပဒေထွက်ပေါ်လာတဲ့အခါကျရင် သက်ကြီးရွယ်အိုတွေအတွက် ခံစားခွင့်တွေ အများကြီးရရှိလာမှာ ဖြစ်ပါတယ်"
ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများကို လက်ရှိတွင် လုပ်ဆောင်နေသော်လည်း
ထိထိရောက်ရောက် ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဥပဒေကြမ်းရေးဆွဲနေခြင်းဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းအား
လွှတ်တော်သို့ ပေးပို့သွားမည်ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

"စွမ်းတဲ့သက်ကြီးရွယ်အိုတွေကို အလုပ်အကိုင်အခွင့်အလမ်းပေါ့။ သူတို့က သူတို့အိမ်မှာ စကားပြောမယ့်သူ မရှိဘူး။
သူတို့ကို ဖယ်ကြဉ်ထားတယ်။ သူတို့ဟာ အသုံးမကျတော့ဘူးဆိုတဲ့အဖြစ်မျိုး မဖြစ်ဘဲနဲ့ သူတို့ဟာ အိုသော်လည်း
စွမ်းသေးတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သူတို့လုပ်နိုင်တာလေးတွေကို အခွင့်အလမ်းပြန်လည်ဖော်ဆောင်ပေးဖို့
ကျွန်တော်တို့ လုပ်ရမယ်" ဟု ၎င်းက ဆိုသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် အသက်
၉၀ကျော်အရွယ် သက်ကြီးရွယ်အိုဦးရေ ခုနှစ်သောင်းခွဲခန့်ရှိပြီး အသက် ရှယ်ဆယ်ကျော်ဦးရေမှာမူ လေးသိန်းခန့်
ရှိသည်။

အဆိုပါ သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်းအား အစိုးရအပါအဝင် ဥပဒေပညာရှင်များနှင့်
အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲထားခြင်းဖြစ်ပြီး ဥပဒေကြမ်းတွင် သက်ကြီးရွယ်အိုများအား
ကာကွယ်စောင့်ရှောက်ရန်အတွက် လိုအပ်သည့်အချက်အလက်အားလုံး ပါဝင်သည်ဟု ဥပဒေကြမ်းရေးဆွဲမှုတွင်
ပါဝင်ခဲ့သည့် ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာမှ ဒုတိယဥက္ကဌ ဒေါ်ခင်မမက မဇ္ဈိမကို ပြောသည်။

သက်ကြီးရွယ်အိုများအား အသုံးချပြီး လမ်းပေါ်တွင် အလှူခံ၊ တောင်းရမ်းခိုင်းနေသည့် ဂိုဏ်းဂနများအား
ဖြေရှင်းရန်အတွက် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ကာ ဖြေရှင်းသွားမည်ဟုလည်း
ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly