ဗိုလ်တထောင်ဘုရားအနီး တည်ဆောက်မည့်စီမံကိန်း ရပ်ဆိုင်းရန် လွှတ်တော်အတည်ပြု

ဗိုလ်တထောင်ဘုရားအနီး တည်ဆောက်မည့်စီမံကိန်း ရပ်ဆိုင်းရန် လွှတ်တော်အတည်ပြု
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၈ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားအနီးတွင် ဆိပ်ခံတံတားတည်ဆောက်ခြင်း
အပါအဝင် မြေဧက ၂၀ပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ပြင်ဆင်နေသောပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏
စီမံကိန်းအား အပြီးတိုင်ရပ်ဆိုင်းရန် ဇွန်လ ၈ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

ကောင်းမြန်မာအောင်ဟူသည့် ကုမ္ပဏီက တည်ဆောက်မည့် ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတား
အကြားရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော မြေဧရိယာ ဧက ၂၀ခန့်တွင် တည်ဆောက်ရေးလုပ်ငန်းများ
လုပ်ဆောင်ရန် ပြင်ဆင်နေမှုအား ရပ်ဆိုင်းရန် လွှတ်တော်က အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

"ကောင်းကျိုးကိုရှာသော်လည်း ဆိုးကျိုးကသာများနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် စွန့်စားမှု မလုပ်သင့်ဘူးလို့
ကျွန်တော်သုံးသပ်ပါတယ်။ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်ရမှာဖြစ်သော်လည်း ဒီဟာက အန္တရာယ်ကြီးမားတဲ့အတွက်
စွန့်စားမှုမလုပ်သင့်ဘဲ ဒီအဆိုကို ကန့်ကွက်ရန်မရှိပါကြောင်း၊ ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်" ဟု
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်တွင် ပြောသည်။

အဆိုပါ စီမံကိန်းအား ဆောင်ရွက်ခွင့်ပြုပါက ဗိုလ်တထောင်ကမ်းနားတလျှောက်တွင် သောင်ထွန်းမှု ဖြစ်ပေါ်လာနိုင်ခြင်း၊
သင်္ဘောရေလမ်းကြောင်း ပိတ်ဆို့စေနိုင်ခြင်း၊ ဗိုလ်တထောင် သမိုင်းဝင်စေတီတော်၏ အဆောက်အဦများ စိုးရိမ်ဖွယ်
ဖြစ်ခြင်း၊ ဘရားဝတ်ပြုသူတို့အား တုန်ခါမှု ဆူညံသံများဖြစ်ပေါ်စေခြင်းနှင့် ရန်ကုန်ကမ်းနားလမ်းတလျှောက် Container ကားများ
ပိတ်ဆို့စေနိုင်ခြင်း စသည်တို့ကြောင့် စီမံကိန်းအား ရပ်ဆိုင်းပေးရန် ဆိပ်ကမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်
ဦးတင်မောင်ဝင်းက လွှတ်တော်တွင် ပြီးခဲ့သည့် ရက်ပိုင်းက အဆိုတစ်ရပ်အဖြစ် တင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုအပေါ် လွှတ်တော်အမတ်(၆)ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးကလည်း အဆိုအပေါ်
ထောက်ခံသည့်အတွက် အဆိုရှင်၏ စီမံကိန်း ရပ်ဆိုင်းရေးအဆိုအား လွှတ်တော်က သဘောတူခဲ့သည်။

အဆိုကို ထောက်ခံဆွေးနွေးသူတစ်ဦးဖြစ်သော လှိုင်မြို့နယ်အမတ် ဦးအောင်ကျော်ကျော်ဦးက အဆိုပါ စီမံကိန်းသည်
အများပြည်သူအတွက်အကျိုးမရှိဘဲ လူတစ်ခုအကျိုးစီးပွားအတွက်သာ အကျိုးရှိသည့်လုပ်ငန်းဟု ဝေဖန်ကာ
စီမံကိန်းကို ခွင့်ပြုပေးခဲ့သည့် မြန်မာရင်းနှီးမြုပ်နှံမှုကော်မရှင်ကိုလည်း အပြစ်တင်ခဲ့သည်။

"မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်၊ လွှတ်တော်က မသင့်တော်သဖြင့် ပယ်ဖျက်လိုက် ဖြစ်ရပ်မျိုး
ဆက်လက်ဖြစ်ပေါ်နေပါက ရင်းနှီးမြုပ်နှံသူများရဲ့ယုံကြည်မှု ပျက်ယွင်းစေခြင်း၊ လျော်ကြေးပေးရခြင်းတို့ကြောင့်
နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေပါတယ်" ဟု ဦးအောင်ကျော်ကျော်ဦးက လွှတ်တော်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags