အဆိုတော် မို့မို့လွင်၏ ကပွဲ တစ်ကိုယ်တော် တေးအယ်ဘမ် ဇွန် ၉ရက်တွင် ထွက်ရှိမည်

အဆိုတော် မို့မို့လွင်၏ ကပွဲ တစ်ကိုယ်တော် တေးအယ်ဘမ် ဇွန် ၉ရက်တွင် ထွက်ရှိမည်
ဓာတ်ပုံ- ပန်းမြတ်ဇော်
 

ရန်ကုန်၊ ဇွန် ၃ ။            ။ Melody World သံစဉ်များနှင့်ကမ္ဘာ အစီအစဉ်၏ 2008 Melody World Album မှ အဆိုတော် မို့မို့လွင်၏ ကပွဲ ဟုအမည်ပေးထားသည့် ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ်ကို The Sun Music Production မှ ဇွန်လ ၉ရက်တွင် စတင်ဖြန့်ချိသွားမည် ဖြစ်သည်။

အဆိုတော် မို့မို့လွင်၏ ကပွဲ အမည်ရှိ တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိမည့်အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဇွန်လ ၃ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုတော် မို့မို့လွင်က "ဒီအခွေလေးက အကြောင်းကြောင်းကြောင့် အချိန်တွေအများကြီး ကြာခဲ့တယ်။ ၂၀၀၈ နောက်ပိုင်းက စပြီး ဒီတစ်ကိုယ်တော်အခွေလေးထွက်ဖို့ ကြိုးစားနေခဲ့တာပါ။ အခွေထွက်ဖို့ ကြာသွားတဲ့အတွက် ပရိသတ်ကိုလည်း တောင်းပန်ပါတယ်။ အခွေလေးထွက်ရင်အားပေးပါ။ သီချင်းကောင်းကောင်းလေးတွေလည်း ရွေးထည့်ထားပါတယ်။ ပရိသတ်ကြိုက်မယ်လို့လည်း ထင်ပါတယ်" ဟုပြောသည်။

တေးရေးဆရာများအဖြစ် ရယ်ဂျီ၊ ညီညီသွင်၊ လာဇရု၊ စောလင်းမို၊ မိုးမင်းအိမ်၊ ကောင်းဇော်၊ Dထက်နှင့် Wilson Smith တို့မှ ရေးသားပေးထားပြီး The River Band နှင့် တီးခတ်ထားပြီး Now Studio တွင် အသံသွင်းယူထားသည်။

အဆိုတော် မို့မို့လွင်သည် 2008 Melody World Albumတွင် အဆိုတော်ကောင်းကောင်းဖြင့် တွဲဖက်သီဆို ထားသည့် မင်းကိုသတိရရင် တေးသီချင်းဖြင့် ပရိသတ်အားပေးမှု ရရှိခဲ့သလို ယခုအခါတွင် ပထမဆုံး တစ်ကိုယ်တော်အခွေကို ထွက်ရှိလာခြင်း ဖြစ်သည်။

ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ်တွင် တေးသီချင်းပုံစံအမျိုးအစား စုံလင်စွာထည့်သွင်းထားပြီး တေးသီချင်း ၁၂ပုဒ်ပါဝင်ကာ ကိုယ်ပိုင်သံစဉ် နှင့် ကော်ပီ သီချင်းများကို တစ်ဝက်စီ ထည့်သွင်းထားကြောင်း ၎င်းကပြောသည်။

ကပွဲ အမည်ရှိ ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ် ကို Audio CD ထွက်ရှိပြီးပါက VCD အဖြစ် ထပ်မံရိုက်ကူး သွားရန် စီစဉ်ထားပြီး ပရိသတ်ကြိုက်နှစ်သက်သည့် တေးသီချင်းများကို VCD အဖြစ်စတင် ရိုက်ကူးရန် စီစဉ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly