ခင်စုစုနိုင်၏ ကိုယ်ပိုင်စိတ်ကူး တစ်ကိုယ်တော်ခွေ ဇွန် ၅ရက် ထွက်မည်

ခင်စုစုနိုင်၏ ကိုယ်ပိုင်စိတ်ကူး တစ်ကိုယ်တော်ခွေ ဇွန် ၅ရက် ထွက်မည်

ရန်ကုန်၊ မေ ၂၈ ။              ။ ခင်စုစုနိုင်၏ ကိုယ်ပိုင်စိတ်ကူး ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို ဇွန်လ ၅ရက်တွင် The Sun Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။

အဆိုပါတေးအယ်ဘမ် ထွက်ရှိမည့်အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို မေလ ၂၈ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel၌ ကျင်းပဲ့သည်။

ခင်စုစုနိုင်က "ဒီအခွေလေးကို ၂၀၁၄ ၊ ၁၁လပိုင်း ထဲက စလုပ်ဖြစ်တာ ဆိုတော့ ၂နှစ်ကြာ သွားတယ် ဖေဖော်ဝါရီလထဲမှာ ထွက်ဖို့လုပ်ထားပေမယ့် လိုအပ်တာတွေရှိနေတဲ့ အတွက် ပြင်ဆင်ရင်း ဇွန်လမှ ထွက်ဖြစ်တာပါ။ ဒီအခွေထဲက သီချင်းတွေကတော့ ပရိသတ် သိပ်မကြားဖူးတဲ့ ပုံစံလေးတွေ ခံစားရမှာပါ" ဟု ပြောသည်။

တေးအယ်ဘမ်တွင် တေးသီချင်း ၁၃ပုဒ် ပါဝင်ပြီး သီချင်း ၁၂ပုဒ်မှာ ကိုယ်ပိုင်သံစဉ်များဖြစ်ပြီး ကျန်သည့် တစ်ပုဒ်ကတော့ copy သီချင်း တစ်ပုဒ်ဖြစ်ကာ တေးသီချင်းအမျိုးအစားများအဖြစ် Pop ၊ country ၊ Rock များ ပါဝင်မည် ဖြစ်သည်။

ဒုတိယမြောက် တစ်ကိုယ်တော် အခွေတွင် တေးရေးဆရာများအဖြစ် ရွှေဂျော်ဂျော်၊ ဇဝါ၊ Rခိုင်၊ ကိုအောင်၊ ဟဲလေး၊ မိုးမိုး၊ အောင်ကိုမြင့်၊ စောလင်းမို၊ သားသား၊ မီးမီးခဲ၊ နေခြည်ထွန်းထွန်း တို့ ပါဝင်ရေးသားပေးထားကြသည်။

ကိုယ်ပိုင်စိတ်ကူး တစ်ကိုယ်တော် တေးအယ်ဘမ်ကို ဇွန်လ ၅ရက်တွင်The Sun Music Production မှ Audio CDအဖြစ် ဖြန့်ချိမည်ဖြစ်ပြီး အခွေထွက်ရှိသည့်နေ့တွင် လှည်းတန်းစင်တာတွင် ညနေ ၃နာရီမှ ၆နာရီ အထိ ဂီတမောင်နှမများနှင့်အတူ လက်မှတ်ရေးထိုးဖျော်ဖြေမည် ဖြစ်သည်။

အဆိုတော် ခင်စုစုနိုင်သည် ချစ်မြဲတိုင်းချစ်မယ် ပထမ တစ်ကိုယ်တော် တေးအယ်ဘမ် Audio CD ကို ၂၀၁၃ ခုနှစ်တွင် စတင်ထွက်ရှိခဲ့ပြီး MTV အခွေကိုလည်း ၂၀၁၃ ခုနှစ်ထဲတွင် ထွက်ရှိခဲ့ကာ ယခု ဒုတိယမြောက် တစ်ကိုယ်တော် အခွေကို ၂၀၁၆ ဇွန်လတွင် ထွက်ရှိခြင်း ဖြစ်သည်။

ကိုယ်ပိုင်စိတ်ကူး တစ်ကိုယ်တော် တေးအယ်ဘမ် MTV ကိုတော့ ပရိသတ် ကြိုက်နှစ်သက်သည့် သီချင်းများကို အကောင်းဆုံး ပုံဖော်ရိုက်ကူးသွားမည် ဖြစ်ပြီး တစ်နှစ်လောက် အချိန်ယူပြီး ရိုက်ကူးသွားရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly