Miss Southeast Asian 2016 ပြိုင်ပွဲ အတွက် အလှမယ် နေသီရိထွန်း ဝင်ရောက် ယှဉ်ပြိုင်

Miss Southeast Asian 2016 ပြိုင်ပွဲ အတွက် အလှမယ် နေသီရိထွန်း ဝင်ရောက် ယှဉ်ပြိုင်

ရန်ကုန် ၊ မေ ၂၃ ။          ။ အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပမည့် Miss Southeast Asian 2016 ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် အလှမယ် နေသီရိထွန်း နှင့် ၎င်း၏ National Director မလှနုထွန်းတို့သည် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေပြီး ပြိုင်ပွဲ နှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်နေပြီဟု သိရသည်။

Miss Southeast Asian 2016 ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံမှ ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ၂၀၁၄ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Miss Southeast Asia 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အလှမယ် အိမ့်မျက်ခြယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ Miss Photogenic ဆုကို ရရှိခဲ့သည်။

Multi Media Award အတွက် Voting စနစ်လည်း ပါဝင်ပြီး Miss Southeast Asian Myanmar Page ထဲ ဝင်ရောက်ပြီး အလှမယ် နေသီရိထွန်း၏ တက်လာသမျှ ပုံတွေကို Like & Commentလုပ်ပေးခြင်းအားဖြင့် အမှတ်ရရှိမည် ဖြစ်သည်။

Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက "ဓာတ်ပုံဆရာ ကိုမော်ကွန်းသစ် မိတ်ဆက်ပေးလို့ ဒီကလေးကို အရင်ကတည်း ခင်နေတော့ သူကလာလျှောက်တာ။ တိုက်တိုက်ဆိုင်ဆိုင် သူဖောင်ဖြည့်နေတုန်း စင်္ကာပူက ပိုင်ရှင် နဲ့ ထိုင်းနိုင်ငံက ပိုင်ရှင်က ဆက်သွယ်လာတယ် သူတို့ Miss Southeast Asian ပွဲရှိတယ် စိတ်ဝင်စားလားလို့ ဆက်သွယ်လာတာနဲ့ သူ့ကို ပြိုင်ချင်လား မေးတော့ ပြိုင်မယ် ဆိုတာနဲ့ လုပ်ဖြစ်သွားတာပါ" ဟု ပြောသည်။

ထိုပြိုင်ပွဲကို မေလ ၂၅ရက် မှ ၂၈ရက် အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျက်ရှိပြီး ပါဝင်ယှဉ်ပြိုင်မည့် အလှမယ်များမှ Talent ယှဉ်ပြိုင်မှု ၊ Modeling နှင့် ဝတ်စားဆင်ယင်မှု၊ National Costume ဝတ်စုံဖြင့် ယှဉ်ပြိုင်မှုများ ပါဝင်မည် ဖြစ်သည်။

ကော့သောင်းသူ အလှမယ် နေသီရိထွန်းအတွက် Miss Southeast Asian 2016 ပြိုင်ပွဲသည် ၎င်းအနေဖြင့် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံတကာ ပြိုင်ပွဲတစ်ခုလည်း ဖြစ်သည်။ ပြိုင်ပွဲအတွက် Talent Show ကိုလည်း အလှမယ် နေသီရိထွန်းမှ တောသူအချစ် သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် လိုအပ်သည့် အဝတ်အစားများကိုလည်း ထိုင်းနိုင်ငံမှ ဒီဇိုင်နာတစ်ဦးက စီစဉ်ချုပ်လုပ်ပေးထားသည်။

Miss Southeast Asian ပြိုင်ပွဲသည် အရှေ့တောင်အာရှနိုင်ငံပေါင်း ၁၀နိုင်ငံမှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင် ကြပြီး အရှေ့တောင်အာရှနိုင်ငံအချင်းချင်း ရင်းနှီးချစ်ခင်စွာ နှင့် ယဉ်ကျေးမှုအလှတရာများ၊ နိုင်ငံအသီးသီး၏ ရိုးရာယဉ်ကျေးမှုများကို ဖလှယ်နိုင်ရန် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အလှမယ် နေသီရိထွန်းက " ဒီပွဲက လူနည်းတော့ အသေးစိတ် အားနဲချက်၊ အားသာချက်ကို ပိုင်ရှင်တွေက သိနိုင် မြင်နိုင်တာမို့ အရမ်း challenging ဖြစ်တဲ့ပွဲပါရှင်။ အားလုံးရဲ့ နှာခေါင်းလေးတွေက စင်းပြီး သီရိ နှာခေါင်းလေးက ပြားပြားလေးမို့ အားငယ်မိပေမဲ့ သိရီ ကြိုးစားနေပါတယ်ရှင်" ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly