မုန်တိုင်းအန္တရာယ် ကူညီ၊ ကယ်ဆယ်ရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် အစိုးရပြင်ဆင်ထား

မုန်တိုင်းအန္တရာယ် ကူညီ၊ ကယ်ဆယ်ရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် အစိုးရပြင်ဆင်ထား
ရမည်းသင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများအား ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ကြည့်ရှုနေသည်ကို မေလ ၁ရက်က တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၂၀ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU) သည် ပိုမိုအားကောင်းလာမည်ဖြစ်သောကြောင့် မုန်တိုင်းအဝန်းအဝိုင်းအတွင်း ကျရောက်နိုင်သော ဒေသများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်ထားသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မေလ ၂၀ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

မုန်တိုင်းအန္တရာယ် ကျရောက်လာပါက လေယာဉ်ဖြင့် သွားရောက်ပို့ဆောင်နိုင်ရန် မင်္ဂလာဒုံလေတပ်စခန်းနှင့် မကွေးလေတပ်စခန်းတို့တွင် ကူညီဆယ်ဆယ်ရေးပစ္စည်းများအား ယနေ့ညနေပိုင်းတွင် ပို့ဆောင်ထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။

"ဖြစ်လာရင်တော့ အနည်းနဲ့အများတော့ ခံရမယ်။ ဒါပေမယ့် ဖြစ်နိုင်သမျှ အထိအခိုက်နည်းအောင်နဲ့ ဆုံးရှုံးမှုတွေနည်းအောင် ကျွန်တော်တို့ လုပ်နေပါတယ်" ဟု ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမကို ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ကမ်းခြေကို ဦးတည် နေသော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်ပါသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုအန္တရာယ်ကို ခံစားရမည်ဖြစ်ပါ၍ လက်ရှိအခြေအနေကို လိမ္မော်ရောင်အဆင့်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း များ ဖြစ်ပေါ်နိုင်ပါသဖြင်‌့ ကုန်းမြင့်ဒေသ အနီးတွင်နေထိုင်ကြသူများ အနေဖြင့်မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင် ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုကြရန်လည်း မိုး/ဇလ က အကြံပြုထားသည်။

"ပြည်သူတွေကိုလည်း ဖြစ်လာပြီဆိုရင် ဘယ်နေရာကိုပြောင်းဖို့ဆိုတာ ကျွန်တော်တို့ သတ်မှတ်ပေးထားပြီ" ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် (၂၀.၅.၂၀၁၆)ရက်နေ့ မှ (၂၂.၅.၂၀၁၆) ရက်နေ့အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ် မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးမည်ဟု မိုး/ဇလက ထုတ်ပြန်ထားသေးသည်။

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တပ်မတော်အပြင် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့အပါအဝင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ချိတ်ဆက်ထားပြီးဖြစ်သလို ငွေကြေးလည်း အလုံအလောက်ရှိသည်ဟု ဒေါက်တာဝန်းမြတ်အေးက ဆိုသည်။

"ကုန်ကျမယ့်အပိုင်းမှာလည်း ပြည့်ပြည့်စုံစုံရှိပါတယ်။ နိုင်ငံတော်ကလည်း သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ငွေအပြည့်အဝ ထောက်ပံ့ထားတာ ရှိတယ်" ဟု ဝန်ကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly