နေပြည်တော်(မေလ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပါတီလုပ်ငန်းများကို ထမ်းဆောင်နေပြီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဌဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnanနှင့် မေလ ၁၉ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် စင်္ကာပူနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ လူငယ်များအရည်အသွေးမြင့်မားရေးအတွက် လေ့ကျင့်သင်ကြားပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များအခွင့်အလမ်း တိုးတက်ရရှိရေးအတွက် လုပ်ငန်းခွင်သင်တန်းများအား ဆက်လက်လေ့ကျင့်သင်ကြားပေးရေးတို့အား ဆွေးနွေးခဲ့ကြသည်ဟု USDP က ထုတ်ပြန်ထားသည်။
တွေ့ဆုံပွဲသို့ ပါတီဥက္ကဌ ဦးသိန်းစိန်အပြင် ဒုဥက္ကဋ္ဌ ဦးဋ္ဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟို အတွင်းရေးမှူးများ တက်ရောက်ကြသည်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးသည် မေလ ၁၈ရက်နေ့ နံနက်ပိုင်းကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnan သည် မြန်မာနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၅၀) ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။