KIA တပ်မဟာ၂ လက်အောက်ခံတပ်ရင်းဌာနချုပ်အနီးတွင် တိုက်ပွဲဖြစ်

KIA တပ်မဟာ၂ လက်အောက်ခံတပ်ရင်းဌာနချုပ်အနီးတွင် တိုက်ပွဲဖြစ်
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြုံရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) အား သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - မင်းမင်း

ချင်းမိုင် ၊ ။               ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ လက်အောက်ခံတပ်ရင်း ၆ ဌာနချုပ်နေရာ အနီးတစ်ဝိုက်တွင် မြန်မာ့တပ်မတော်တို့ အကြား မေ ၁၀ ရက်နေ့ မွန်လွဲပိုင်းများစတင်ကာ တိုက်ပွဲ ဖြစ်ပွားနေကြောင်းသိရသည်။

မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီး အလုံး ၂၀ ကျော်ထိ ပစ်ခတ် တိုက်ခိုက်နေပြီ တိုက်ပွဲများ ပြင်းထန်နေသည်ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

“မနေ့ကလည်း တစ်နေကုန်ဖြစ်တယ်။ ဒီနေ့လည်း ၁၂ နာရီကတည်းကနေ ခုထိ(မွန်းလွဲ၁ နာရီခွဲ)ချိန်ထိ ဖြစ်ပွားနေတုန်းဘဲ။ ကျွန်တော်တို့ ရင်း ၆ ဌာနချုပ် ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်နေတယ်”ဟု သူက မွန်းလွဲ ၁ နာရီကျော်ချိန်တွင် မဇ္ဈိမကို ပြောသည်။

မြန်မာ့တပ်မတော်ဘက် မြောက်ပိုင်းတိုင်းစစ်ဌာနချုုပ် လက်အောက်ခံ တပ်ရင်း ခမရ ၄၂၄၊ ၄၂၅ ၊ မိုးကောင်းအခြေစိုက် စကခ ၃ နှင့် ဖယ်ခုံအခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်း ၇ ရင်းခန့်တို့မှ စစ်အင်အား ၅၀၀ ခန့် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် KIA ဘက်မှ ခုခံ တိုက်ခိုက်နေသည်ဟု သူက ပြောသည်။

မေ ၇ ရက်တွင် မြန်မာ့တပ်မတော်ဘက်မှ တပ်ရင်း ၂ ခုဖြင့်သာ စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၈ ရက်နေ့မှစတင်၍ အင်အား ၅၀၀ ထပ်မံ ဖြည့်တင်းလာသဖြင့် လက်ရှိ မြန်မာ့တပ်မတော်အင်အား ၇၀၀ ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သူက ပြောသည်။

“ကျွန်တော်တို့လည်း ပစ်ပြီ။ အခုက တိုက်ပွဲဖြစ်ပြီ။ ဖားကန့်လမ်းတွေလည်း အဝင်၊ အထွက် ကားလမ်းအကုန်ပိတ်တော့မယ်။ ဖားကန့်လမ်း၊ ဂွေခါလမ်းတွေ အကုန်ပိတ်တော့မယ်၊”ဟု သူက ပြောသည်။

မေလ ၉ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် KIA တပ်ရင်း ၆ ၏ တပ်ခွဲအဆင့် ရှေ့တန်းစခန်းငယ် အောင်လန်း(Aung len)နှင့် လောဒ်လ(lawt la) တို့မှ ဆုတ်ခွာခဲ့ရသည်ဟု သူက ပြောသည်။

မေလ ၇ ရက်နေ့ တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစ၍ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော အောင်လန်၊ နော်လန်း၊ နမ့်ဆန် ၃ စသည့် ကျေးရွာများမှ ဒေသခံ ၁၆၀ ကျော်သည်လည်း ဖားကန့်၊ လုံးခင်း စစ်ပြေးဒုက္ခသည် စခန်းများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။

ယခုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားရခြင်းသည် တပ်မတော်မှ ရည်ရွယ်ချက် ရှိရှိဖြင့် KIA ကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ယူဆက နှစ်ဖက်ကြား ညှိနှိုင်းဆွေးနွေးခြင်းလည်း လတ်တလော အခြေအနေတွင် မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ညှိနှိုင်းဖို့ဘာမှ မရှိဘူး။ တိုက်ပွဲကတော့ ပြင်းထန်လာမဲ့ အခြေအနေရှိနေတယ်။ တပ်မတော်က ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ပွဲဖြစ်လာတာဘဲ။ စစ်ဆင်ရေးလုပ်ဖို့ ရှိနေလို့ခုလို တိုက်ပွဲ ဖြစ်လာတယ်လို့ မြင်တယ်။ အစိုးရကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့လုပ်မယ်လို့ ပြောထားတဲ့ကြားက ခုလို တိုက်ပွဲ ပြန်ဖြစ်လာတော့ စစ်တပ်က ငြိမ်းချမ်းရေး မလိုချင်လို့လား မပြောတတ်တော့ဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေမှုနှင့်ပတ်သက်၍ နှစ်ဖက် ညှိနှိုင်းဆွေးနွေးရန်အတွက် ယခင်အစိုးရဟောင်းနှင့် KIO တို့ ဖွဲ့စည်းထားသော ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကိုလည်း မတ် ၂၉ ရက်စွဲဖြင့် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly