မြန်မာရှိ ပိုက်လိုင်းက ဘေးကင်းကြောင်း တရုတ် ပြောပြီး တိုက်ပွဲများ ရပ်ရန် တိုက်တွန်း 

မြန်မာရှိ ပိုက်လိုင်းက ဘေးကင်းကြောင်း တရုတ် ပြောပြီး တိုက်ပွဲများ ရပ်ရန် တိုက်တွန်း 

မြန်မာနိုင်ငံတွင် တိုက်ပွဲများ ပြင်းထန်နေသည့်ကြား၌ တရုတ်-မြန်မာ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းအား ထိခိုက်မှု မရှိသေးကြောင်း တရုတ်က သောကြာနေ့တွင် ကြေညာပြီး အပစ်အခတ် ချက်ချင်း ရပ်ရန်အတွက် လေးလေးနက်နက် တိုက်တွန်းသည်။ 

“တရုတ်-မြန်မာ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းရဲ့ ဆိုင်ရာ ပိုက်လိုင်းအဆောက်အအုံတွေဟာ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးအုပ်စုတွေကြားက တိုက်ပွဲတွေကနေ ထိခိုက်မှု မရှိသေးပါဘူး”ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝန်ဝင်ပင်းက ပြောသည်။ 

တရုတ်နှင့် မြန်မာကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်းကို အသားပေးဆိုရင်း ဝန်က “တရုတ်အနေနဲ့ နယ်စပ်ဒေက ပဋိပက္ခတွေကို အနီးကပ် စောင့်ကြည့်နေတယ်၊ မြန်မာနိုင်ငံက ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ချက်ချင်းအပစ်ရပ်ဖို့ တိုက်တွန်းတယ်၊ တရုတ်ရဲ့ လုံခြုံရေး စိုးရိမ်ပူပန်မှုကို အလေးထားကြဖို့ တိုက်တွန်းလိုတယ်”ဟု ပြောသည်။ 

အရှိန်မြင့်နေသော တိုက်ပွဲများကို တုံ့ပြန်ပြီး တရုတ်သည် မြန်မာနိုင်ငံက ပဋိပက္ခ ဖြစ်ပွားနေရာ မြောက်ပိုင်းဒေသများသို့ မသွားရောက်ရန် ၎င်း၏ နိုင်ငံသားများအား တားမြစ်ထားသည်။ 

တရုတ်-မြန်မာ နယ်စပ်အနီး မြောက်ပိုင်း ရှမ်းပြည်နယ်၌ မကြာသေးသော ရက်များအတွင်း အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားသည်။ 

MNDAA၊ TNLA နှင့် AA တို့က စစ်စခန်း တော်တော်များများနှင့် မြို့လေးမြို့ကို ထိန်းချုပ်ထားပြီး တရုတ်သို့ အဓိက ကုန်သွယ်လမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားသည်ဟု အတည်ပြုပြောဆိုသည်။ 

ရှမ်းပြည်နယ်က ပြင်းထန်သော တိုက်ပွဲများကြောင့် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ဖော်ပြပြီး လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းစီးနင်းမှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးကြရကာ ထောင်ပေါင်းများစွာ နေရပ်ရွှေ့ပြောင်းပြီး ရာပေါင်းများစွာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရကြောင်း ထောက်ပြသည်။ 

တချိန်တည်းတွင် တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုင်မှုများအား မထိန်းချုပ်နိုင်ပါက နိုင်ငံ ပြိုကွဲသွားနိုင်ကြောင်း မြန်မာ အာဏာသိမ်းစစ်တပ်က သတိပေးကြောင်း ဂျပန်အခြေစိုက် Kyodo News က ဖော်ပြသည်။ 

အာဏာသိမ်း စစ်ကောင်စီ ခန့်အပ်သော ယာယီသမ္မတ ဦးမြင့်ဆွေက တိုက်ခိုက်မှုများကို စစ်ကောင်စီအနေဖြင့် မဟန့်တားနိုင်ပါက မြန်မာနိုင်ငံသည် “အစိတ်စိတ် အမြွာမြွာ ပြိုကွဲသွားနိုင်ကြောင်း” ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် သတိပေးခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly