နယ်စပ်တိုက်ပွဲများကြောင့် တရုတ်လုံခြုံရေးဝန်ကြီး မြန်မာစစ်ကောင်စီနှင့် လာရောက်ဆွေးနွေး 

နယ်စပ်တိုက်ပွဲများကြောင့် တရုတ်လုံခြုံရေးဝန်ကြီး မြန်မာစစ်ကောင်စီနှင့် လာရောက်ဆွေးနွေး 

မြန်မာနိုင်ငံ၌ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ဖြစ်ပွားသည့်နောက်တွင် တရုတ်နှင့် မြန်မာ နယ်စပ်တလျှောက် ငြိမ်းချမ်းရေး ထူထောင်နိုင်ရေးနှင့် ပတ်သက်ကာ တရုတ်အများပြည်သူလုံခြုံရေးဝန်ကြီးသည် မြန်မာစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ဖော်ပြသည်။ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော လက်နက်ကိုင် သုံးဖွဲ့သည် မြို့များအား ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီတပ်များအား ပူးပေါင်းတိုက်ခိုက်မှုများ ဆင်နွှဲသည့်နောက်တွင် လူထောင်ပေါင်းများစွာ နေရပ်စွန့် ရွှေ့ပြောင်းကြရပြီး အချို့က တရုတ်နိုင်ငံထဲသို့ ဖြတ်ကျော်ဝင်ရောက်ကြသည်။ 

တရုတ်နိုင်ငံတော်ကောင်စီ၏ အဖွဲ့ဝင်လည်းဖြစ်သော ဝန်ကြီး ဝန်ကျောက်ဟောင်သည်  နေပြည်တော်၌ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံကြောင်း Global New Light of Myanmar က သတင်းဖော်ပြသည်။ 

နှစ်နိုင်ငံ နယ်စပ်ဧရိယာများ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပြင် ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေးကို ၎င်းတို့ နှစ်ဦးက ဆွေးနွေးကြသည်ဟု ဖော်ပြပြီး အသေးစိတ်တော့ မထုတ်ပြန်ပေ။ 

တရုတ်၏ ရပ်ဝန်းနှင့် လမ်းပိုင်း ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်း၏ တစိတ်တပိုင်း ဖြစ်သော ဒေါ်လာ ဘီလီယံများစွာ ကုန်ကျသည့် ရထားလမ်း ဖောက်လုပ်မှု ရှိနေရာ ရှမ်းမြောက်တခွင်တွင် သောကြာနေ့မှစပြီး တိုက်ပွဲများ ဖြစ်ပွားသည်။ 

စစ်ကောင်စီ စစ်စခန်းများနှင့် အဓိကလမ်းများကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း TNLA၊ AA နှင့် MNDAA သုံးဖွဲ့က ပြောသည်။ 

စစ်သား အနည်းဆုံး ၁၅,၀၀၀ ဆင့်ခေါ်နိုင်သည်ဟု အကဲဖြတ်များက ဆိုထားသော အဆိုပါ သုံးဖွဲ့သည် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ထိန်းချုပ်နိုင်ခွင့်တို့အတွက် စစ်တပ်နှင့် ပုံမှန်ဆိုသကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။ 

နယ်စပ် ချင်းရွှေဟော်မြို့ကို ၎င်းတို့၏ တိုက်ခိုက်ရေးသမားများ သိမ်းပိုက်ထားသည်ဆိုသော ဗီဒီယိုကို MNDAA က တနင်္လာနေ့တွင် ထုတ်ပြန်သည်။ 

သောကြာနေ့မှ စတင်ပြီး ရှမ်းပြည်နယ် နေရာ အနည်းဆုံး ၁၀ ခု၌ စစ်စခန်းများ တိုက်ခိုက်ခံနေရကြောင်း စစ်ကောင်စီက ပြောထားသည်။ 

တိုက်ပွဲများကြောင့် လူပေါင်း ၆,၂၀၀ ကျော် နေရပ်စွန့် ထွက်ပြေးရပြီး ၎င်းတို့အနက် ၆၀၀ ထက်မနည်းသည် တရုတ်နယ်စပ်သို့ ဖြတ်ကျော်ဝင်ရောက်ကြဖွယ် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly