အိန္ဒိယ-မြန်မာနယ်စပ်၌ လွတ်လပ်စွာ သွားလာမှုစနစ် ဖျက်သိမ်းရန် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအစိုးရကို တိုက်တွန်း

အိန္ဒိယ-မြန်မာနယ်စပ်၌ လွတ်လပ်စွာ သွားလာမှုစနစ် ဖျက်သိမ်းရန် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအစိုးရကို တိုက်တွန်း

အိန္ဒိယ-မြန်မာ နယ်စပ်တလျောက် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် စနစ်ကို ဖျက်သိမ်းရန်နှင့် နယ်စပ် ခြံစည်းရိုးခတ်ခြင်းကို အပြီးသတ်လုပ်ဆောင်ရန် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်းထားကြောင်း မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် အင်န် ဘီရန် ဆင်းဂ်က စက်တင်ဘာ ၂၃ ရက်တွင် ပြောသည်။

လွတ်လပ်စွာ သွားလာမှု စနစ်အရ အိန္ဒိယ-မြန်မာ နယ်စပ်၏ နှစ်ဖက်စလုံး၏ အနီးတွင် နေထိုင်ကြသူများသည် စာရွက်စာတမ်း မပါဘဲ နယ်စပ်တစ်ဖက်စီ၏ နယ်နိမိတ်တွင်းသို့ ၁၆ ကီလိုမီတာခန့်အထိ ဝင်ရောက်သွားလာခွင့် ရရှိထားစေသည်။

အစိုးရအနေဖြင့် “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ” အလုံးအရင်း ဝင်ရောက်မှုကို ဆက်လက် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း မဏိပူရ် ဝန်ကြီးချုပ်က ပြောပြီး အိန္ဒိယ-မြန်မာ နယ်စပ် ခြံစည်းရိုးခတ်ခြင်းကို အပြီးသတ်ရန် လိုကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက အလေးပေး ပြောသည်။

“မဏိပူရ်မှာ နိုင်ငံတကာနယ်စပ်ရဲ့ ၆၀ ကီလိုမီတာကို ခြံစည်းရိုးခတ်ဖို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်ထားပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ အခြေအနေများသည် ယခင်အစိုးရများ၏ အစီအစဉ်မကျသည့် မူဝါဒများကြောင့်သာ ဖြစ်ပြီး များမကြာမီက ဆုံးဖြတ်ချက်တစုံတရာ၏ သက်ရောက်မှု မဟုတ်ကြောင်း မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

“လွတ်လပ်စွာ သွားလာခွင့်ပြုတဲ့ စနစ် ဖျက်သိမ်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို ကျွန်တော်တို့ ပြည်နယ်အစိုးရက တိုက်တွန်းထားတယ်။ ပြီးတော့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်စပ်မှာ ကျကျနန စောင့်ကြပ်တာမျိုး မရှိခဲ့ဘူး။ ဇီးရိုးပွိုင့်မှာ တပ်ဖြန့်ရမယ့်အစား သူတို့ဟာ အိန္ဒိယနယ်နိမိတ်ထဲက ၁၄-၁၅ ကီလိုမီတာလောက်ကျမှ နယ်စပ် စောင့်ကြပ်တာတွေလုပ်နေတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

“ပြည်နယ်ထဲက တကယ့် အရေးကိစ္စ‌တွေကို ကျွန်တော်တို့ အာရုံစိုက်ရပါလိမ့်မယ်။ ပြောရရင်တော့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အလုံးအရင်း ဝင်ရောက်တာကို ကိုင်တွယ်ဖို့၊ ပြည်တွင်းနေရပ်စွန့်ခွာရသူတွေအတွက် စောင့်ရှောက်မှုတွေ လုပ်ဖို့နဲ့ အကြီးအကျယ် ဘိန်းစိုက်ပျိုးမှုတွေကို တိုက်ဖျက်ဖို့ အရေးကိစ္စတွေဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မဏိပူရ်၌ လူများစု မေထေး (ကသည်း) လူမျိုးစု အသိုင်းအဝိုင်း၏ အထူးအခွင့်အရေးဆိုင်ရာ မျိုးနွယ်စု အဆင့်အတန်း ရရှိရေး တောင်းဆိုမှုကို ဆန့်ကျင်လျက် တောင်ပေါ်ဒေသများရှိ လူမျိုးစုများက ဆန့်ကျင် ချီတက်မှုတို့ လုပ်ဆောင်ခဲ့သည့် မေလ ၃ ရက်တွင် လူမျိုးရေး အကြမ်းဖက်မှုတို့ ဖြစ်ပြီးနောက် လူ ၁၇၅ ဦးကျော် သေဆုံးပြီး ရာချီ ဒဏ်ရာရခဲ့သည်။

မဏိပူရ် လူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့်သည် မေထေးများ ဖြစ်ပြီး ၎င်းတို့သည် အင်ဖာချိုင့်ဝှမ်းတောင်ကြားတွင် အများအားဖြင့် နေထိုင်ကြသလို တချိန်တည်းမှာပင် နာဂနှင့် ကူကီး ကဲ့သို့ မျိုုးနွယ်စုများက ပြည်နယ် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိပြီး ၎င်းတို့သည် အများအားဖြင့် တောင်ပေါ် ဒေသများတွင် နေထိုင်ကြသည်။

မကြာသေးခင်က ဖြစ်ပေါ်သည့် အကြမ်းဖက်မှုတို့၏ နောက်ကွယ်တွင် မြန်မာမှ လာသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ရှိသည် ဆိုသည့် စွပ်စွဲမှုများလည်း ရှိနေသည်။ မဏိပူရ်သည် မြန်မာနှင့် ၃၉၀ ကီလိုမီတာ အရှည်ရှိ နယ်စပ်တခု ထိစပ်နေသည်။

လေးလကျော် ကြာမြင့်သည့် ပဋိပက္ခသည် သစ်တောပြုန်းတီးမှု၊ တရားမဝင် ဘိန်းစိုက်ပျိုးမှုအပြင် ပြည်နယ်တွင် အထူးသဖြင့် မြန်မာမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကြောင့် ဖြစ်စေသည့် ဒီမိုဂရပ်ဖီအနေအထား အပြောင်းအလဲတို့နှင့်ပတ်သက်ပြီး တင်းမာမှု၏ သရုပ်သကန်ဖြစ်ကြောင်း မေထေး အဖွဲ့အစည်းတခုက ပြောသည်။

ထို့ပြင် မဏိပူရ်ရှိ စစ်သွေးကြွများထံ မြန်မာဘက်မှ လက်နက် ထောက်ပံ့မှုများလည်း ရှိသည် ဆိုပြီး စွပ်စွဲမှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly