ဘာကြောင့်၊ဘယ်လို မြန်မာမှာ ဒီမိုကရေစီ ကျရှုံးရသလဲ

ဘာကြောင့်၊ဘယ်လို မြန်မာမှာ ဒီမိုကရေစီ ကျရှုံးရသလဲ

Joseph Ball သုံးသပ်သည်။

 

စာအုပ်အမည်      Tragic Nation Burma: Why and How Democracy Failed

ရေးသူ                Amitav Acharya

ထုတ်ဝေသူ          Penguin Random House SEA Pte Ltd, 2022

 

ရန်ကုန်မြို့ကျောက်မြောင်းလမ်းထဲဟိုဟိုသည်သည်လိုက်ရှာခဲ့တဲ့နောက်မှာ နောက်ဆုံးမှာတော့ကျွန်တော်ဟာအဆောက်အအုံတခုရဲ့သုံးလွှာမှာရခိုင်အမျိုးသားဖွံ့ဖြိုးရေးပါတီ RNDP ရဲ့အပြာနဲ့ အဖြူ စာတမ်းကို ရှာတွေ့ပါတော့တယ်။ အချိန်ကာလကတော့ ၂၀၁၁ ဩဂုတ်လအတွင်းမှာပါ၊ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီတပိုင်း အုပ်ချုပ်ရေးရဲ့ အတိမ်းအစောင်း မခံတဲ့ နုနယ်သေးတဲ့ ကာလမှာ ရှိနေချိန်ပါ။ ကျွန်တော်ဟာ RNDP ရုံးမှာ ကြိုတင်ချိန်းဆိုချက် ယူထားတာ မဟုတ်ပေမယ့် ပြာပြာသလဲ ခရီးဦးကြို ပြုကြပါတယ်။ သေးငယ်ပြီး ကောင်းမွန်စွာ ချုပ်လုပ်ထားတဲ့ အညိုရောင် ဆိုဖာပေါ်မှာ ထိုင်ခိုင်းပြီး လက်ဖက်ရည်တစ်ခွက်လည်း ဧည့်ဝတ်ပြုပါတယ်။

 

ကျွန်တော်နဲ့ဆန့်ကျင်ဘက်မှာတော့ RNDP အထွေထွေအတွင်းရေးမှူးချုပ်နဲ့ဒုတိယ ဥက္ကဋ္ဌတို့ ထိုင်နေကြပါတယ်။လက်ရှိ နိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ် သူတို့ရဲ့ အတွေးအမြင်တွေကို ကျွန်တော်က သိချင်ခဲ့တာပါ။ ဒါပေမဲ့ အာရကန်ဘုရင့်တိုင်းပြည်ကို ဗမာတွေ သိမ်းပိုက်ခဲ့တဲ့ ၁၇၈၄ ခုနှစ်ကစလို့ အာရကန် (ရခိုင်ပြည်နယ်) ရဲ့ သီးခြား သမိုင်းသင်ခန်းစာတွေကို ကျွန်တော်က ပိုလို့ စိတ်ဝင်စားပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းရေးရာဟာ ရှုပ်ထွေးပါတယ်။ RNDP ပြောသလိုပါပဲ အမျိုးမျိုးသော အဖွဲ့အစည်းတွေဟာ ရာစုနှစ်ချီ တိုက်ပွဲဟောင်းကို ဆက်လက်တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခနဲ့ ဒီမိုကရေစီ အတွေ့အကြုံကို နောက်ဆုံး ဆုံးရှုံးရတာနဲ့ ပတ်သက်ရင် ရှည်ကြာတဲ့ သမိုင်းကြောင်းကနေတဆင့် အကဲဖြတ်ရပါလိမ့်မယ်။ ဒါပေမဲ့ သင်ခန်းစာတခုကိုတော့ အမေရိကန် အခြေစိုက် ပညာရှင် Amitav Acharya က သူ့ရဲ့ Tragic Nation Burma: Why and How Democracy Failed ဆိုတဲ့ စာအုပ်မှာ ထောက်ပြထားပါတယ်။ သူ့ရဲ့ စာအုပ်မှာ Thought Warriors (အတွေးသစ်၊ အမြင်သစ်၊ မူအသစ် ရှိထားသူများလို့ ယခုစာအုပ်မှာ ဆိုလို) လို့ သူဆိုထားတဲ့ သူတွေရဲ့ အသံတွေကို ဖော်ပြထားပါတယ်။ ဒီ Thought Warriors ဆိုတာဟာ ကျောင်းသား ကျောင်းသူတွေ အများစု ဖြစ်တဲ့ ဗမာလူငယ်တွေနဲ့ နိုင်ငံမှာ အာဏာသိမ်းတဲ့နောက်ပိုင်း CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေပဲ ဖြစ်ပါတယ်။ “ဗမာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ Thought Warriors တွေပေါ်မှာ မှီတည်နေပါတယ်၊ လက်နက်ကိုင် တော်လှန်သူတွေနဲ့ ဝါရင့် နိုင်ငံရေးသမားတွေထက် ပိုလို့ သူတို့တွေဆီမှာ မှီတည်နေကောင်း မှီတည်နေနိုင်ပါတယ်”လို့ Acharya က ဆိုပါတယ်။

 

စာအုပ်မှာက ဒီမိုကရေစီ ကျဆုံးရတဲ့ အကြောင်းကို ဗမာ့သမိုင်းနဲ့ ဦးဆုံး ချိန်ထိုးပြထားပါတယ်။ “ဗမာ့ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုရဲ့ မျိုးစေ့ဟာ ဗမာပြည် လွတ်လပ်တဲ့ နိုင်ငံအဖြစ် မွေးဖွားလာချိန်မှာပဲ ပါလာခဲ့တာပါ”လို့ Acharya က ရေးသားထားပါတယ်။ ဥပမာအနေနဲ့ ကိုလိုနီအတွေ့အကြုံဟာ “ဗမာတွေကို ‌ခေတ်သစ်တန်ဖိုးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်၊ ဒါပေမဲ့ တိုင်းရင်းသား အုပ်စုတွေကို ဆက်ပြီး ခွဲခြားထားပြီး အစဉ်အလာ ယုံကြည်မှုတွေကို အားကောင်းစေခဲ့ပါတယ်၊ ဒါကြောင့်ပဲ နိုင်ငံတွင်းက အချင်းချင်းကြား အပြန်အလှန် ဆွေးနွေးပြောဆိုမှုတွေနဲ့ နားလည်မှုတွေဟာ တားဆီးခံထားရကာ အချင်းချင်းကြား ဝေးကွာနေပြီး အမျိုးသား နိုင်ငံရေး ယဉ်ကျေးမှု ထွက်မပြူလာအောင် ပိတ်ဆို့နေတော့တာ ဖြစ်ပါတယ်”

 

ဒီမိုကရေစီ ပျက်ပြားရခြင်းရဲ့ အခြားသော အစောပိုင်း အချက်အလက်တွေဟာ “လစ်ဘရယ် ဒီမိုကရေစီနဲ့ မတူကွဲပြားမှုတွေနဲ့ ပတ်သက်လို့ အုပ်ချုပ်သူတွေရဲ့ ရပ်တည်ချက်ကြောင့်လို့ ပြောလို့ရပါတယ်၊ နိုင်ငံခြားရေး မူဝါဒမှာ တံခါးပိတ်ဝါဒ ကျင့်သုံးတာ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို အယုံအကြည် မရှိဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာ စီးပွားရေး စီမံကိန်းတွေကနေ ဖယ်ခွာစေတဲ့ ဆိုရှယ်လစ် စီးပွားရေး မူဝါဒတွေကို ကျင့်သုံးတာကြောင့်ပါ”။ စိတ်ဝင်စားစရာ ဂရုပြုရမှာကတော့ ဆူဟာတို လက်အောက်က အင်ဒိုနီးရှားနဲ့ မားကို့စ် လက်အောက်က ဖိလစ်ပိုင်တို့လို နိုင်ငံတွေဟာ လစ်ဘရယ် ဒီမိုကရေစီအတွက် ခုခံကာကွယ်သူတွေ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းပုံဖြတ်တဲ့ အစိုးရတွေ ကိုယ်တိုင်က အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ ပိုပြီး ပွင့်လင်းတဲ့၊ အားလုံး ပါဝင်တဲ့ အရပ်သား အစိုးရဆီ အသွင်ပြောင်းနိုင်မယ့် အင်စတီကျူရှင်းတွေကို ပုံလောင်းပေးခဲ့ကြတာပါပဲ။ သင်းကွဲနေထိုင်မှုကို နှလုံးပိုက်ထားတဲ့ မြန်မာမှာတော့ ဒီလို သမိုင်းအတွေ့အကြုံမျိုး မရှိခဲ့ပါဘူး။

 

အစဉ်အလာ ယဉ်ကျေးမှုကို လက်ကိုင်ပြုရင်း “ဗမာနိုင်ငံရေးဟာ သမိုင်းစဉ်လာအရ နိုင်ငံရေးအဓိက ပုဂ္ဂိုလ်တွေရဲ့ အင်အား ပြိုင်ဆိုင်မှု ဖြစ်နေခဲ့တယ်”လို့ Tragic Nation မှတ်ချက်ပေးထားပါတယ်။ ၂၀၂၁ အာဏာမသိမ်းခင် ဆယ်စုနှစ်ချီ ကာလတွေမှာ “တခုတည်းသော ဗမာလူများစုအုပ်စုက အခြား အုပ်စုတွေကို ကြီးစိုးလွှမ်းမိုးထားတယ်” ဆိုတဲ့ အမြင်သဘောထားမှာလည်း နိုင်ငံက ရုန်းကန်နေခဲ့ရတာပါ။ ဒါမှမဟုတ်ရင် စာရေးသူတွေ ဖြစ်ကြတဲ့ Michael နဲ့ Maitri Aung-Thwin တို့ရဲ့ သဘောကတော့ ဗမာ့နိုင်ငံရေးဟာ ကွန်ဆာဗေးတစ် စိတ်ဓာတ် ရှိနေပြီး ဖွဲ့စည်းပုံစနစ် အပြောင်းအလဲကို အတိုက်အခံ လုပ်နေတယ်ဆိုတာပါပဲ။ ဒါကြောင့် “နိုင်ငံရေး ပြောင်းလဲမှုမှာ ကန့်သတ်ခံနေရပြီး နိုင်ငံဟာ လွတ်လပ်ချိန်ကစလို့ ဗမာ့နိုင်ငံရေးဟာ တရွတ်ဆွဲနေခဲ့တာက တည်မြဲနေတဲ့ အရှိတရားပါပဲ” လို့ Acharya က ဆိုပါတယ်။

 

မကြာသေးတဲ့ ဗမာ့သမိုင်းမှာ ဒီ အစဉ်အလာဟာ ခေါင်းမာတဲ့ ခေါင်းဆောင်နှစ်ဦး (ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်) ကြား ထိပ်တိုက်တွေ့မှုကြောင့် တကျော့ပြန် ရုပ်လုံးပေါ်လာပြန်ပါတယ်။ စေ့စပ်ညှိနှိုင်းတာနဲ့ အပေးအယူ လုပ်တာတွေကို ငြင်းပယ်တာကြောင့် အာဏာသိမ်းဖို့ ပိုပြီး ကျိန်းသေသွားစေပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုအပေါ် တဦးတယောက်က ကြီးစိုးထားစေတဲ့ ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု  နိုင်ငံရေးစိတ်ဓာတ်ဟာ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်ပါတယ်။ ယှဉ်ပြိုင်နေတဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေကြောင့် အာဏာသိမ်းမှု ဖြစ်စေတယ်လို့ Thought Warriors တွေက ယူဆလာကြပြီး ဒီနောက်ပိုင်းမှာတော့ “တချို့သော လူတွေဟာ ပုဂ္ဂိုလ်တဦးပေါ် ကိုးကွယ်အားထားတာဟာ ဆိုးဝါးစေပါလားဆိုတာကို သိမှတ်လာကြပါတယ်၊ အကောင်းမြင်ရမှာ ဆိုရင်တော့ ဒီလို ဖြစ်လာတာဟာ ကောင်းဖို့အတွက်ပါပဲ၊ အခုဆိုရင် တော်တော်များများဟာ နိုင်ငံရေး ရေချိန် မြင့်တက်လာကြပါပြီ”။

 

ဆိုရမယ်ဆိုရင် ၂၀၂၁ အာဏာသိမ်းမှုကို ကြည့်တဲ့အခါ မြန်မာ့လက်နက်ကိုင်တပ်ဖွဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုလို့ မဖြစ်နိုင်ပါ။ စစ်တပ်ဟာ စစ်သားတွေကို လူအဖွဲ့အစည်းနဲ့ ခွဲခြားထားပါတယ်၊ ပြီးတဲ့အခါ လူ့အခွင့်အရေး နိုင်ထက်စီးနင်း ပြုကျင့်မှုတွေကို လက်ရဲဇက်ရဲ ဖြစ်စေခဲ့ပါတယ်၊ ဒါဟာ စစ်တပ် ဓားစာခံ ဖန်တီးတဲ့ စနစ်ပဲလို့ Acharya က ထောက်ပြထားပါတယ်။ စစ်တပ်ဟာ ဘောင်ခတ်ရိုက်သွင်းပြီး သီးခြား အခွင့်ထူးခံ နေထိုင်မှု အဆင့်အတန်း ပေးထားတာ၊ အရေးပါတဲ့ ဝန်ဆောင်မှုတွေကို အထူးအခွင့်အရေး ရရှိစေတာ၊ ဝါဒဖြန့်တာနဲ့ အကျင့်ပျက်ခြစားမှုကနေ စီးပွားရေး အကျိုးအမြတ်တွေ ရရှိဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးထားပါတယ်။ စစ်တပ်ကို ယှဉ်ပြိုင်မယ့် လူ့အဖွဲ့အစည်းတရပ်၊ သီးခြား ယဉ်ကျေးမှုနဲ့ စစ်တပ်ဆီက ဘက်ပြောင်းသွားခဲ့ရင် ဆုံးရှုံးရမယ့် သီးသန့် အခွင့်ထူးခံ ကွန်ရက်ကို တပ်မတော်က ဖွဲ့စည်းထားပါတယ်။ ဒီ စစ်တပ်ရဲ့ အခွင့်ထူးခံ သန္ဓေဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရတယ်ဆိုတာကနေ မူလရင်းမြစ် ဖြစ်နေတော့တာပါ။

 

မြန်မာနိုင်ငံက ဒီမိုကရေစီ အကျပ်အတည်းရဲ့ အစောပိုင်း ရင်းမြစ်တွေကို တူးဖော်ရင်း ပိုပြီး လက်ငင်းကျတဲ့ အကြောင်းရင်းတွေကိုလည်း Tragic Nation စာအုပ်မှာ မှတ်တမ်းပြုထားပါတယ်။ တိုင်းရင်းသား များပြားစုံလင်မှုအပြင် “ဗမာစစ်တပ်ရဲ့ စီးပွားရေး အကျိုးအမြတ်နဲ့ မင်းအောင်လှိုင်ရဲ့ အာဏာ ဆက်လက် ပိုင်စိုးချင်တဲ့ တကိုယ်ရည် ရည်မှန်းချက်တွေ” ကို Tragic Nation က ထောက်ပြထားပါတယ်။ ဒါပေမဲ့ Asia Foundation က ကိုနေယံဦးကတော့ “အာဏာသိမ်းတာအတွက် အပြစ်ပြောဖို့ ရှိနေသေးတဲ့ တစိတ်တပိုင်းက အနောက်နိုင်ငံတွေဟာ တပ်မတော်နဲ့ ဆက်ဆံဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ ဆိုရပါမယ်၊ မြန်မာမှာ ပိုပြီး လွတ်လပ်ပြီး ချောင်လည်လာလို့ ပျော်ကြရတဲ့အချိန်မှာ စစ်သားတွေဟာ သူတို့ ဝပ်ကျင်းရဲ့ ပြင်ပကမ္ဘာဆီ ဆက်သွယ်တိုးဝင်နိုင်မယ့် အခွင့်အရေး တော်တော်များများ မရရှိခဲ့ဘူး”လို့ ပြောပါတယ်။ ဒီလို ဖြစ်နေတာကြောင့်လည်း ရိုဟင်ဂျာလူဦးရေကို ၂၀၁၇ ခုနှစ်က ဖြိုခွင်းမှုမှာ နောက်ထပ် တွန်းအား ဖြစ်စေတော့တာပါပဲ။

 

ဒါကြောင့် ဒီမိုကရေစီ စမ်းသပ်ကျင့်သုံးမှုဟာ တပ်မတော် အဖွဲ့အစည်းအတွက် သင့်လျော်ဟန် ရှိခဲ့ပေမယ့် ဒီ အခင်းအကျင်းမှာ တပ်မတော်ရဲ့ အခွင့်ထူးခံ ရရှိထားမှုတွေအတွက် အပေးအယူ ရှိမနေခဲ့ပါဘူး။ ကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ တပ်မတော်ဟာ လက်သင့်ခံမှု မရရှိတာအပြင် ၂၀၂၀ ရွေးကောက်ပွဲနဲ့အတူ စစ်တပ်ကို အထိနာစေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းလဲလာနိုင်တဲ့ အလားအလာတွေ တိုးများလာတာကလည်း ထပ်ဆင့်ထားပါတယ်။ ဒီအတွက် တပ်မတော်ဟာ အရင်က သတိကြီးစွာ ချည်းကပ်ခဲ့တဲ့ ဒီမိုကရေစီအတွက် ရိုးရိုးရှင်းရှင်းပဲ ဆုံးရှုံးမှုများစွာ ရှိလာပါတယ်။ ဒီလို အကဲဖြတ်ချက်အရပဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဟာ သရုပ်သကန် ပေါ်ပေါက်လာတော့တာ ဖြစ်ပါတယ်။

 

လက်ရှိ မြန်မာမှာ ဘာတွေ ကျန်နေပါတော့သလဲ။ Thought Warriors တွေကတော့ အနာဂတ် မြန်မာနိုင်ငံအတွက်ဆိုရင် အာဏာမသိမ်းခင်က နိုင်ငံရေး အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ လိုလိုလားလား ရှိနေကြပြီလို့ Tragic Nation က ဖော်ပြပါတယ်။ “We stand with NUG” ဆိုတဲ့ ဓာတ်ပုံပေါင်းများစွာဟာ ဖြစ်စဉ်ကုန်ကို မပြောနိုင်ပါဘူး၊ နိုင်ငံအတွင်း တော်တော်များများက အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်မှာ ရှိနေတယ်လို့ ဆိုရလောက်အောင် ကိုယ်စားပြုမနေပါ။ “စစ်မှန်တဲ့ တော်လှန်ရေးအစိုးရ မဟုတ်တော့တဲ့အချိန်ကစပြီး ကျွန်တော် NUG ကို မထောက်ခံချင်တော့ဘူး၊ သူတို့ အားလုံးဟာ သူတို့ အာဏာရဖို့ပဲ လုပ်နေကြတာ ဖြစ်တယ်၊ NUG ကို ကျွန်တော် အမုန်းဆုံးကတော့ သူတို့ဟာ မျှော်လင့်ချက် အမှားတွေ ပေးပြီး ကျွန်တော်တို့ကို လိမ်လည်ဖို့၊ ပြက်ရယ်ပြုဖို့ ကြိုးစားနေတာကိုပဲ၊ NUG ထက် EAO တွေကိုပဲ ကျွန်တော် ထောက်ခံသွားမယ်”ဆိုပြီး Thought Warriors တဦးက ပြောပါတယ်။ ဒါဟာ ထူးခြားတဲ့ ခံယူချက် မဟုတ်ဘဲ ဘယ်သူကိုမှ စိုးမိုးလို့ မရတော့ဘူးဆိုတာပဲလို့ Tragic Nation က ဆိုထားပါတယ်။

 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်နဲ့ ပတ်သက်ရင် ဖက်ဒရယ် ဒီမိုကရေစီဟာ EAOs တွေရဲ့ လက်တွေထဲမှာ ရှိတယ်ဆိုတဲ့ အမြင်မှာ Thought Warriors တော်တော်များများက သဘောတူကြပါတယ်။ “ဗမာရဲ့ ဖက်ဒရယ် ဒီမိုကရေစီ အနာဂတ်ဟာ စေ့စပ်ဆွေးနွေးမှု လုပ်ငန်းစဉ်တွေမှာ EAOs တွေ တန်းတူပါဝင်နိုင်မှပဲ ဖြစ်နိုင်ခြေ ရှိပါတယ်”လို့ Thought Warriors တဦးက ဆိုပါတယ်။ ဒီ သဘောထားဟာ Acharya နဲ့လည်း တထပ်တည်း ကျပါတယ်။ “လူများစု တိုင်ရင်းသားအစုကြီးတွေဟာ တိုင်းရင်းသားအုပ်စုတွေရဲ့ ရည်မှန်းချက်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ ပြင်ဆင်လာတယ်၊ ဒီ အချက်ဟာ နိုင်ငံအသွင်ကူးပြောင်းရေးမှာ ကြီးမားတဲ့ အင်အားပဲ”ဆိုပြီး Acharya ဆက်လက် ဆိုထားပါတယ်။ “အာဏာသိမ်းမှုဟာ လူများစု ဗမာတွေနဲ့ တိုင်းရင်းသားအုပ်စုတွေကြားမှာ ဘုံရည်မှန်းချက်ကို ဆောင်ယူလာခဲ့တယ်၊ ဒါဟာ နိုင်ငံသမိုင်းမှာ မကြုံစဖူးဘဲ၊ ဒီ မတိုင်ခင် ဘုံရန်သူဆိုတာ ရှိခဲ့တာ မဟုတ်ဘူး”။

 

ဒါပေမဲ့ နိုင်ငံရဲ့ မျိုးစုံသော တိုင်းရင်းသားအုပ်စုတွေမှာ သိသာကွဲပြားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ရှိနေတာကို Tragic Nation က ချက်ချင်းပဲ ထောက်ပြပါတယ်။ ဒါကြောင့် စစ်တပ်ကို ခုခံတော်လှန်ကြတဲ့ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အကန့်အသတ် ရှိနိုင်ပါတယ်။ “ကရင်နီပြည်နယ်က EAOs တွေအကြောင်း ပြောမယ်ဆို အပိုင်းလေးပိုင်းကို ထည့်ပြောရမှာပဲ၊ KNPP၊ KNLP၊ KNPLE နဲ့ ကျန်အပိုင်းပါပဲ၊ ပြောရရင် တိုင်းရင်းသား နိုင်ငံရေးက ရှုပ်ထွေးပါတယ်”ဆိုပြီး ကရင်နီပြည်နယ်မှ Thought Warriors တဦးက ပြောပါတယ်။ ကရင်နီပြည်နယ်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအရ သတ်မှတ်ထားတဲ့ ပြည်နယ်တွေထဲက အသေးငယ်ဆုံး ပြည်နယ်ပါ။

 

ဒီ ရှုပ်ထွေးမှုဟာ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့လို အုပ်စုတွေကို စိတ်ကသိကအောက် ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ ရှင်းရှင်းလင်းလင်း သုံးသပ်လို့ရတဲ့ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ယှဉ်ထိုးတဲ့အခါမှာပါပဲ။ ဒါပြင် ယူကရိန်းပဋိပက္ခဟာ အနောက် အင်အားနိုင်ငံတွေ အတွက်တော့ လက်တွေ့ကျတဲ့ မဟာဗျူဟာ ပိုဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အာရှအင်အားနိုင်ငံတွေကတော့ မြန်မာအရေး စဉ်းစားတဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင် မဟာဗျူဟာ အကျိုးစီးပွားကနေပဲ လုပ်ဆောင်လိမ့်မှာ ဖြစ်ပါတယ်။ မြန်မာအရေးဟာ အာရှအတွက်တော့ အနောက်အစိုးရတွေထက် လက်တွေ့မဟာဗျူဟာ ပိုကျပါတယ်။ ဂျပန်နဲ့ အိန္ဒိယအပါအဝင် အာရှနိုင်ငံတွေဟာ တရုတ်နဲ့ ၎င်းတို့ရဲ့ ယှဉ်ပြိုင်မှုမှာ မြန်မာနဲ့ ဆက်လက် ချိတ်ဆက်ထားနိုင်ဖို့က လိုအပ်နေတာပဲ ဖြစ်ပါတယ်။

 

ဒီအတွက်ကြောင့် မြန်မာရဲ့ ခုခံတော်လှန်ရေးဟာ အာရှအင်အားနိုင်ငံတွေနဲ့လည်း ချိတ်ဆက်ထားဖို့ မရှိမဖြစ် လိုအပ်နေပါတယ်။ မြန်မာမှာ မဟာဗျူဟာနဲ့ စီးပွားရေး အကျိုးအမြတ် ရှိနေတဲ့ မပြောင်းလဲတဲ့နိုင်ငံတွေနဲ့ ချိတ်ဆက်ထားနိုင်ဖို့ပါ။ အမေရိကန်၊ လန်ဒန်နဲ့ အီးယူတို့အနေနဲ့က စစ်အာဏာရှင်ကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ထောက်ပံ့သံ ထွက်နိုင်မှာ ဖြစ်ပေမယ့် မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာရှအင်အားနိုင်ငံတွေလို တူညီတဲ့ မဟာဗျူဟာ အကျိုးအမြတ်တော့ ရှိမနေနိုင်ပါဘူး။ “အာရှအင်အားနိုင်ငံတွေကြား ယှဉ်ပြိုင်မှုတွေနဲ့ ကွဲပြားတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေသလို ဗမာ စစ်အုပ်ချုပ်ရေးကို စည်းစည်းလုံးလုံး ဆန့်ကျင်ဖို့မှာလည်း အနောက်အုပ်စုက အဓိက အတားအဆီး ဖြစ်နေတယ်”လို့ Achary က တွက်ချက်ခန့်မှန်းပါတယ်။

 

သတိပြုရမယ့် ယေဘုယျအချက်ကတော့ Thought Warriors တွေအနေနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အဓိကကျသူတွေအကြောင်း အနည်းငယ်ပဲ ပြောထားဆိုထားတာပါပဲ။ ဒီအတွက် နိုင်ငံခြားရေးမူဝါနဲ့ ပတ်သက်ရင် ပိုပြီး ပြုလွယ်ပြောင်းလွယ် အခြေအနေ ရှိသွားပါတယ်။ ဒါမှမဟုတ်လည်း မြန်မာအရေး ဖြေရှင်းဖို့ နည်းလမ်းတွေ့တဲ့အခါ ပြန်လည်ညှိနှိုင်းဆွေးနွေးတာတွေ လုပ်နိုင်ခြေ အနေအထားမျိုး ရှိစေပါတယ်။ ပြည်တွင်း ဒဏ်ရာဒဏ်ချက်တွေကြောင့် နောက်ကြောင်းပြန်ပြီး ရှေ့ဆက်တိုးဖို့ အခွင့်အရေး ဆုံးရှုံးထားတဲ့ ဗမာအတွက် ဒုတိယအချက်ဖြစ်တဲ့ ပြန်လည်ညှိနှိုင်းရေးဆိုတာဟာ ခေတ်သစ်နိုင်ငံအတွက်တော့ ပြဿနာတရပ်ပါပဲ။

 

ဒါဆိုရင် အလားအလာရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီအဖြစ် မြန်မာနိုင်ငံဟာ လက်ရှိ အကျပ်အတည်းကနေ ထွက်ပေါ်လာဖို့အရေး မျှော်လင့်ချက်ရော ရှိရဲ့လား။ ဒီ မေးခွန်းမှာ Thought Warriors တွေရဲ့ အဖြေတွေဟာ မတူညီကြပါဘူး။ အကောင်းရှုမြင်ကြသူတွေ ဘက်မှာတော့ “နောက် သုံးနှစ်လောက်ပါပဲ၊ ကျွန်တော်တို့ ပြည်သူတွေ နိုင်လိမ့်မယ်၊ UGs တွေ၊ PDFs တွေနဲ့ NUG တို့ကြား ခိုင်မာတဲ့ ဆက်ဆံရေးနဲ့ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ မကြာခင်ဘဲ ဒီအာဏာသိမ်းမှုကို အဆုံးသတ်စေလိမ့်မယ်၊ CDM ဟာလည်း အဖြေ တစိတ်တပိုင်းပဲ၊ ဒါပေမဲ့ လက်ရှိ လက်နက်ကိုင်တော်လှန်ရေးဟာ ကျွန်တော်တို့ရဲ့ အောင်ပွဲဆီ ဦးတည်နေပြီ”ဆိုပြီး အမြင် ရှိထားကြပါတယ်။ အကောင်းမမြင်တဲ့ ဘက်မှာတော့ စီးပွားရေးမှာ ဆိုးဆိုးဝါးဝါး အနုတ်လက္ခဏာ သက်ရောက်နေတာ၊ ကာလရှည် ပြည်တွင်းစစ် ဖြစ်နေတာနဲ့ NUG ကို မယုံကြည်ရတာတွေကို ထောက်ပြထားကြပါတယ်။

 

Acharya က “မြန်မာအကျပ်အတည်းဟာ တိုင်းရင်းသား ကိုယ်ပိုင်လက္ခဏာမှာ အမျိုးသား ကိုယ်ပိုင်လက္ခဏာကို အစားထိုးတာမျိုး မဖြစ်ရအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။ ဒီ သုံးသပ်ချက်ကို သမိုင်းပညာရှင် ဦးသန်းမြင့်ဦးကလည်း တဘောတည်း ရှိပြီး “တောက်ပတဲ့ ဘယ်လို အနာဂတ်မဆိုဟာ ပိုပြီး ကျယ်ပြန့်တဲ့၊ အားလုံးပါဝင်တဲ့၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်လက္ခဏာ အသီးသီး ကိုယ်စားပြုပါဝင်နိုင်တာမျိုးမှာ မှီတည်နေပါတယ်၊ လူမျိုးရေးမှာ နှောင်ဖွဲ့တာမျိုး၊ တိုင်းရင်းသား အမျိုးအစားမှာ အခြေခံတာမျိုး မဖြစ်သင့်ပါ”လို့ သူက ဆိုပါတယ်။

 

ရှေ့ဆက်တက်လှမ်းရေးအတွက် လက်တွေ့ကျတဲ့ အကြံပြုချက်အနည်းငယ်ကိုလည်း Acharya ဟာ ပေးထားပါတယ်။ ဒီထဲမှာ တခုကတော့ အသွင်ပြောင်းကာလ တရားမျှတမှု အစီအစဉ်ကို စဉ်းစားဖို့ အရေးကြီးကြောင်းကို သူက အလေးထား ပြောထားပါတယ်။ ဒါဟာ အကောင်အထည် ဖော်ရတာထက် ပြောရတာတော့ ပိုလွယ်ကူတယ်လို့ သူက ဝန်ခံပါတယ်။ အင်ဒိုနီးရှားကို ကြည့်မယ်ဆိုရင် ဆူဟာတိုလက်ထက်ကနေ ပိုမို ကျယ်ပြန့်တဲ့ ဒီမိုကရေစီ အသိုက်အဝန်းဆီ ရွေ့လျားမှုမှာ နိုင်ငံအဆင့် ပြစ်ဒဏ်ချ မခံရတာတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ရှိနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျန်ရစ်သူတွေဟာ နိုင်ငံအဆင့် အကြမ်းဖက်မှုတွေရဲ့ ခံရသူတွေကို အမှတ်ရအောင် လုပ်ဆောင်ပြီး အသွင်ပြောင်း တရားစီရင်ရေးကို မရမက ထိန်းချုပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါမျိုး မြန်မာမှာရော ဖြစ်လာမလား။ အင်ဒိုနီးရှားရဲ့ အသွင်ပြောင်း တရားစီရင်မှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ဆောင်ရွက်သူ Matt Easton ရဲ့ အပြောအတိုင်းဆိုရင်တော့ မြန်မာရဲ့ အာဏာသိမ်းနောက်ပိုင်း အနာဂတ်ဟာ အကြမ်းဖက်မှုတွေ၊ တရားမမျှတမှုတွေနဲ့ မေ့လျော့မှုတွေနဲ့ပဲ ပြီးသွားနိုင်ပါသလားဆိုတာ မေးခွန်း ထုတ်စရာပါ။

 

အဆုံးသတ်ရရင် မြန်မာမှာ ဒီမိုကရေစီ ဘာကြောင့်၊ ဘယ်လို ကျရှုံးရသလဲဆိုတာ ရှင်းပြတာဟာ အနာဂတ်အတွက် အဖြေ ရှာတွေ့ဖို့ထက်တော့ အများကြီး လွယ်ကူပါတယ်။ Tragic Nation စာအုပ်ဟာ သမိုင်း၊ နိုင်ငံရေး၊ ပထဝီ၊ ယဉ်ကျေးမှု၊ နိုင်ငံတကာ ဆက်ဆံရေး စတဲ့ နယ်ပယ်စုံကို လွှမ်းခြုံသုံးသပ်ထားပါတယ်။ ဒါပေမဲ့ ဒီ ကဏ္ဍတိုင်း ဒီ အပိုင်းတိုင်းကို အသေးစိတ် ခြယ်မှုန်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခေတ်သစ်မြန်မာရဲ့ ကံကြမ္မာဆိုးကို ဖွင့်ဆိုဖို့နဲ့ အနာဂတ်မြန်မာရဲ့ တံခါးတွေကို ဖွင့်လှစ်ဖို့ဆိုတာဟာ ခက်ခဲရှုပ်ထွေးတဲ့ တာဝန်တရပ်ပါ။

 

မြန်မာ့အနာဂတ်နဲ့ ပတ်သက်ပြီး တွဲလျက် ပါနေတဲ့ မေ့ထားလို့ မရတဲ့ မေးခွန်းကတော့ ၂၀၂၁ အာဏာသိမ်းမှုကို လူထုတုံ့ပြန်မှုက စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံဆီ သွားဖို့ အတားအဆီးများစွာကို ကျော်လွှားနိုင်မလားဆိုတာပါပဲ။ ဒီ အဆုံးသတ်မှာ လက်ရှိ အတိုက်အခံတွေဟာ ဘုံရန်သူကို ရင်ဆိုင်ဖို့ ဘုံစုစည်းမှု ဒါမှမဟုတ် စည်းလုံးညီညွတ်မှုကို ဖန်တီးနိုင်မလား။

 

Acharya ဟာ ဒီ စာအုပ်ကို ၂၀၂၂ ဧပြီမှာ အပြီးသတ်တာပါ။ ဒါကြောင့် Thought Warriors တွေရဲ့ သဘောထားတွေက ပြောင်းလဲနေမလားဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေမှာပါ။ ဥပမာအနေနဲ့ NUG ဟာ နယ်မြေထိန်းချုပ် လာနိုင်တာနဲ့ အခြေခံ ဝန်ဆောင်မှုအချို့ ပေးလာနိုင်တာကြောင့် Thought Warriors အချို့ရဲ့ကြားမှာ NUG ရဲ့ ပုံရိပ် ပြောင်းလဲကောင်း ပြောင်းလဲနေနိုင်ပါတယ်။ Acharya ကတော့ အဆုံးတနေ့မှာ မြန်မာ့ အနာဂတ်လမ်းကြောင်းကို ရွေးချယ်ရမှာက ရိုးရှင်းပါတယ်လို့ ဆိုပါတယ်။ “ဗမာရဲ့ ဆက်စပ်တည်ငြိမ်ပြီး ဒီမိုကရေစီဆီ ပြန်သွားနိုင်မယ့် အဓိကအချက်ကတော့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အမျိုးသား စည်းလုံးညီညွတ်မှုနဲ့ ရင်ကြားစေ့နိုင်မှုပဲ ဖြစ်ပါတယ်၊ အဲဒါမှ မရှိရင် မြန်မာနိုင်ငံဟာ မှောင်မိုက်တဲ့ အနာဂတ်နဲ့ စိတ်မကောင်းစဖွယ် နိုင်ငံ့ ကံကြမ္မာကို မျက်နှာမူထားရမှာပဲ ဖြစ်တယ်လို့ သူက ဖော်ပြထားပါတယ်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly