လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်/ကျဉ်းစာရင်းအရေအတွက်ကို အတိအကျလုပ်ပေးစေချင်ကြောင်း အစိုးရကို တောင်းဆို

လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်/ကျဉ်းစာရင်းအရေအတွက်ကို အတိအကျလုပ်ပေးစေချင်ကြောင်း အစိုးရကို တောင်းဆို

ဧပြီလ ၈ ရက်နှင့် ဧပြီလ ၁၇ ရက်က နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသည့်အတွက် အစိုးရသစ်ကို ကျေးဇူးတင်ကြိုဆိုကြောင်းနှင့် ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား အရေအတွက်စာရင်းကို အစိုးရအနေဖြင့် အတိအကျဖော်ပြစေချင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး လိုက်လံဆောင်ရွက်ပေးသူ ဦးထွန်းကြည်က ပြောသည်။

ယခုတက်လာသော အစိုးရသည် ဒီမိုကရေစီအစိုရဖြစ်သည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၁/၂၀၁၆ အမှတ် ကြေညာချက်ဖြင့် နိုင်/ကျဉ်းများ လွတ်လာသည့် အတွက် ယုံကြည်ကြောင်း၊ သို့သော် မည့်သည့်ပုဒ်မ မည်သို့သော အမှုများဖြင့် လွှတ်ပေးသည်ကိုမူ အတိအကျ ထုတ်ပြန်စေချင်ကြောင်း ဦးထွန်းကြည်က ပြောသည်။

"ဘယ်သူတွေကို လွှတ်ပေးလိုက်တယ်။ ဘယ်ပုဒ်မတွေနဲ့ လွှတ်ပေးလိုက်တယ်။ ဘယ်ထောင်ကနေ လွှတ်ပေးလိုက်တယ်ဆိုတာကိုတော့ အဲဒါကိုတော့ ထင်သာမြင်သာဖြစ်စေချင်တယ်။ ပြီးသွားတဲ့ ၈ ရက်နေ့က လွှတ်သွားတာနဲ့ ပတ်သက်လို့ကတော့ ၁၉၉ ယောက်သာပြောတာ။ တကယ့်တကယ်ကျတော့ ဘယ်သူတွေလဲ။ ဘယ်ထောင်ကလဲ။ဘယ်ပုဒ်မကလဲဆိုတာ တိတိကျကျမသိရတဲ့အတွက် အရင်အစိုးရအဟောင်းလို ဖြစ်မှာကိုပဲ စိုးရိမ်မိတယ်။ အဲဒီအတွက် သမ္မတကြီးဦးထင်ကျော်ကိုရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော ဒီနေရာကနေ တိုက်တွန်းအကြံပြုချင်တာကတော့ စာရင်းကိုတော့ တိတိကျကျ ခိုင်ခိုင်မာမာလေး ထုတ်ပြန်ကြေညာပေးပါလို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်" ဟု ဦးထွန်းကြည်က ပြောသည်။

ထိုသို့တောင်းဆိုရခြင်းမှာ လွတ်မြောက်စာရင်းတွင် မည်သူကလွတ်မြောက်သင့်ကြောင်း၊ မည်သူကတော့ မလွတ်မြောက်သင့်ကြောင်းကို နိုင်ငံရေးအကျဉ်းသားများ၏အရေး ဆောင်ရွက်နေသူများ၏ လက်ထဲတွင် ကောက်ယူထားသော စာရင်းများနှင့် စစ်ဆေးတိုက်စစ်ကာ လွတ်မြောက်စာရင်းလုပ်ချင်ကြောင်းလည်း ဦးထွန်းကြည်က ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သော အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော်လည်း ပြစ်မှုကြီးကျူးလွန်သူများ ပါရှိခဲ့သောကြောင့် ပြည်သူများအနေဖြင့်လည်း မလုံခြုံမှုများနှင့် စိုးရိမ်မှုများရှိခဲ့သောကြောင့် ယခုလို အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးသည့်အတွက် ဝမ်းသာမိကြောင်း အင်းစိန်မြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

ယခုအခါ အမှုရင်ဆိုင်နေရသော နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ လေးရာကျော်ဖြစ်ပြီး၊ အကျဉ်းထောင်ထဲတွင် ၁၂၁ ယောက်ကျန်ရှိနေကြောင်း၊ ထိုသူများလွတ်မြောက်စေရန်အတွက် မိမိတို့အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် အသင့်ရှိကြောင်းလည်း ဦးထွန်းကြည်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly