ပြည်သူအပေါ် တိုက်ခိုက်နေသည့် မြန်မာစစ်တပ်ကို ‘စုပေါင်း ပြစ်ဒဏ်’ ချမှတ်ရေး ကုလကျွမ်းကျင်သူ တိုက်တွန်း

ပြည်သူအပေါ် တိုက်ခိုက်နေသည့် မြန်မာစစ်တပ်ကို ‘စုပေါင်း ပြစ်ဒဏ်’ ချမှတ်ရေး ကုလကျွမ်းကျင်သူ တိုက်တွန်း

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် “စုပေါင်း ပြစ်ဒဏ်” ချမှတ်သည့် မဟာဗျူဟာတရပ် ဖော်ဆောင်ခြင်းအားဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် စစ်အုပ်စု၏ တိုက်ခိုက်မှုများကို ရပ်ဆိုင်းစေနိုင်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောသည်။

မြန်မာပြည်သူတို့အပေါ် စစ်အုပ်စု ကျူးလွန်နေသည့် တိုက်ခိုက်မှုများကို ရပ်တန့်စေမည့် အကောင်းဆုံးနည်းလမ်းက မြန်မာစစ်တပ် လက်နက်၊ ငွေ နှင့် တရားဝင်မှု တို့ မရရှိစေအောင် ပိတ်ဆို့တားဆီးရန်ပင် ဖြစ်ကြောင်း ကုလ အထူးကိုယ်စားလှယ် တွန် အန်ဒရူးစ်က စက်တင်ဘာ ၁၃ ရက်တွင် အမေရိကန် ကွန်ဂရက်၏ Tom Lantos လူ့အခွင့်အရေး ကော်မရှင်ကို ပြောသည်။

အန် ဒရူးစ်က ဆွေးနွေးပြောဆိုရာတွင် မြန်မာစစ်တပ်ကို “အမဲလိုက်သူ” ဆိုပြီး ရည်ညွှန်းပြောဆိုသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာ ဘီလီယံချီသည့် သေမင်းတမန် ကုန်သွယ်မှုအဖြစ် ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ စစ်တပ်ထံ လွှဲပြောင်းရောက်ရှိခဲ့ကြောင်း အန်ဒရူးစ်က ပြောသည်။

“စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့၊ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်၊ တိုက်ခိုက်ဖို့အတွက် အဲဒီ လက်နက်တွေကို သေချာပေါက်နီးပါး အသုံးပြုမယ့် သက်သေအထောက်အထား ရှိနေတဲ့ကြားကပဲ စစ်အုပ်စုဟာ သူတို့ရဲ့ တိုက်လေယာဉ်တွေ၊ လက်နက်တပ် ရဟတ်ယာဉ်တွေနဲ့ ရွာသားတွေကို တိုးမြှင့်တိုက်ခိုက်ဖို့ လေယာဉ်ဆီတွေ ဆက်ပြီး ဝယ်ယူနေခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

မြေပြင်တွင် အရေးမသာဘဲ ဖြစ်နေသလို နိုင်ငံတဝန်း ပျံ့နှံ့နေသည့် ခုခံတော်လှန်မှုကို ထိန်းချုပ်ရန် မစွမ်းသာဘဲ ဖြစ်နေသည့် စစ်အုပ်စုသည် ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ နေရပ်စွန့်ခွာသူ စခန်းများ အပါအဝင် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေခဲ့သည်ဟု အန် ဒရူးစ်က မှတ်ချက်ပြုသည်။

နိုင်ငံပိုင် မြန်မာ့ ရေနံနှင့် ဓာတ်ငွေ့ လုပ်ငန်းသည် စစ်အုပ်စုကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေ ပေးသွင်းထောက်ပံ့သလို နိုင်ငံ၏ တခြား ဧရိယာများရှိ သစ်၊ ကျောက်စိမ်းနှင့် ကျောက်မျက် တူးဖော်ရရှိမှုများမှတဆင့်လည်း စစ်အုပ်စုအတွက် ဝင်ငွေ ရရှိစေလျက် ရှိကြောင်း ကုလ အထူးကိုယ်စားလှယ်က ထောက်ပြပြောဆိုသည်။

မြန်မာ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် တို့ကို ဇွန်လက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့် အမေရိကန်၏ လုပ်ဆောင်ချက်ကို ချီးကျူးကြောင်း တွန် အန် ဒရူးစ်က ပြောပြီး ယင်းက မြန်မာစစ်အုပ်စုအပေါ် အတော်ပင် သိသာထင်ရှားသည့် သက်ရောက်ထိခိုက်စေမှုများကို ရှိစေကြောင်းနှင့် ယင်းနောက်တွင်လည်း စင်္ကာပူနှင့် ဘင်္ဂလားဒေ့ရှ် ဘဏ်များကလည်း ဒေါ်လာ သန်းချီ ရှိသည့် မြန်မာစစ်တပ်နှင့် ဆက်စပ် အကောင့် ငွေစာရင်းများကို ပိတ်သိမ်းမှုများ ရှိခဲ့ကြောင်း ပြောသည်။

မြန်မာစစ်တပ်က ၎င်းတို့သည် မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် ကိုယ်စားပြုသည် ဆိုပြီး ပြောဆိုခြင်းက မြန်မာစစ်တပ်၏ အတွေးမှားမှု (ယုတ္တိအမှား) ပင် ဖြစ်ကြောင်း အန် ဒရူးစ်က ပြောသည်။

ဒီမိုကရေစီ အစိုးရ အများစုသည် သံတမန်များကို ပြန်လည်ခေါ်ယူထားသလို စစ်အုပ်စု တာဝန်ရှိသူများကို နှစ်ဦးနှစ်ဖက် (သို့) ဘက်ပေါင်းစုံ ပါသော အစည်းအဝေးများ၌ ဖိတ်ကြားခြင်း မပြုရန် သဘောတူထားပြီး တရားဝင်ဖြစ်သည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ဆက်ဆံမှုများ လုပ်ထားသည်။ တချိန်တည်းမှာပင် အာဆီယံ အဖွဲ့ဝင် အနည်းငယ်နှင့် အခြားအစိုးရတချို့တို့က စစ်အုပ်စု တာဝန်ရှိသူများကို အဆင့်မြင့်လယ်ဗယ် ဒေသဆိုင်ရာ အစည်းအဝေးများသို့ ပြန်လည်ပါဝင်စေနိုင်ရေး ကြိုးပမ်းလျက် ရှိသည်။

မြန်မာစစ်အုပ်စု၏ အကြီးဆုံး အဓိက ဝင်ငွေရင်းမြစ် ဖြစ်သည့် မြန်မာ့ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်း ချမှတ်ရေး၊ ဒဏ်ခတ်ပိတ်ဆို့မှုူများကို စစ်အုပ်စုဘက်က ရှောင်လွှဲနိုင်ခြင်း မရှိစေရေးအတွက် ဒေသဆိုင်ရာ မိတ်ဖက်ပါတနာများနှင့်အတူ ပူးပေါင်းလျက် နိုင်ငံပိုင်ဘဏ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံတကာ ဘဏ္ဍာရေး စနစ်ထဲ စစ်အုပ်စု ဝင်ခွင့်မရစေရန် ဆက်လက် ပစ်မှတ်ထားရေး၊ ရွေးကောက်ပွဲတရပ် ကျင်းပရန် စစ်အုပ်စု၏ ကြိုးပမ်းမှုမှန်သမျှက အတုအယောင်တခုသာဖြစ်မည်ဟု ကြေညာခြင်းအပါအဝင် စစ်အုပ်စု၏ တရားဝင်မှု တောင်းဆိုမည့် အခွင့်အရေးမှန်သမျှကို ငြင်းဆန်ပိတ်ဆို့လျက်ဖြင့် မြန်မာစစ်အုပ်စု လက်နက်၊ အခြားပစ္စည်းများနှင့် လေယာဉ်ဆီများ ရရှိမှုအပေါ် ပိတ်ဆို့ရန် အခြားနိုင်ငံများနှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်သွားရေး အန် ဒရူးစ်က အမေရိကန်ကို တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly