မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခ အဆုံးသတ်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီကို ဆက်လက်ဖိအားပေးရန် လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမည့် လာအိုအား အမေရိကန်အစိုးရက တိုက်တွန်းလျက် ရှိသည်။
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေအား ကြားနာသည့် Tom Lantos Human Right ကော်မရှင်သို့ အရှေ့တောင်အာရှရေးရာ၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်အကူအတွင်းဝန် မယ်လီဆာ ဘရောင်းက စက်တင်ဘာ ၁၃ ရက်တွင် သတင်းစကား ပေးလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံက တာဝန်ခံမှု တာဝန်ယူမှု ရှိလာရေး၊ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရေးနှင့် အာဆီယံအတွင်း တရားဝင် အသိအမှတ်ပြုမှု မပေးရေးတို့ကိုလည်း ၎င်း၏ သတင်းစကားတွင် ဖြည့်စွက်ဖော်ပြထားသည်။
လာအိုသည် စွမ်းဆောင်ရည် နည်းပါးသည့် နိုင်ငံငယ်လေးမျှသာ ဖြစ်ကြောင်း သူမက မှတ်ချက်ချပြီး အမေရိကန်အနေဖြင့် ၎င်းတို့ တတ်နိုင်သမျှ အကူအညီများ ပံ့ပိုးခဲ့ကြောင်း ထပ်လောင်းဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၃,၀၀၀ နီးပါး သတ်ဖြတ်ခံရကာ ဖမ်းဆီးထိန်းသိမ်းထားသူပေါင်း ၁၇,၀၀၀ နီးပါးရှိပြီး နေရပ်ရွှေ့ပြောင်းရသူ ၁ ဒသမ ၅ သန်းကျော် ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။
မြန်နိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းနိုင်ရေး အမေရိကန်၊ ကုလသမဂ္ဂ၊ အာဆီယံနှင့် အခြားနိုင်ငံတကာ အသိုင်းအဝိုင်းတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းအပါအဝင် ကြိုးပမ်းခြေလှမ်းများသည် လက်ရှိအထိ အောင်မြင်မှု မရှိသေးပေ။
စစ်ကောင်စီက ၂၀၂၃ တချိန်ချိန်၌ တနိုင်ငံလုံး ရွေးကောက်ပွဲများ ကျင်းပရန် ရည်မှန်းထားကြောင်း ကြေညာထားသော်လည်း ထို ရွေးကောက်ပွဲများသည် လက်ရှိ အခြေအနေအောက်၌ “လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်”ဟု အမေရိကန်ုနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
တချိန်တည်းမှာပင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်ခြင်းတို့မှ အတင်းအကျပ် ဘေးလွတ်ရာ ရွှေ့ပြောင်းရသော ရိုဟင်ဂျာများ၊ ဒုက္ခသည်များနှင့် ရှင်ကျန်သူများသည် ပဋိပက္ခအား ဖြေရှင်းခြင်း မရှိဘဲ ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေရဆဲ ဖြစ်သည်။
စက်တင်ဘာ ၁၃ ရက် ကြားနာမှုတွင် ပါဝင်သူများက အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေကို ပြန်လည် သုံးသပ်ကာ အမေရိကန်နှင့် နိုင်ငံတကာ၏ တုံ့ပြန်မှုများကို ဆွေးနွေးကြပြီး မူဝါဒ ချမှတ်သူများသို့ အကြံဉာဏ်များ ပေးခဲ့ကြသည်။
(မိုးသဲ ဘာသာပြန်သည်။)