ကရင်နီ စစ်ရှောင် ၆၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့

ကရင်နီ စစ်ရှောင် ၆၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့

တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေတဲ့ ကယားပြည်နယ် မယ်စဲ့မြို့နယ် စစ်ရှောင် ၆၀၀ ကျော်ကို နေရပ်သို့ ပြန်ပို့လိုက်ကြောင်း ကရင်နီပူးပေါင်းရေးနဲ့ အရေးပေါ်ကူညီရေးအဖွဲ့ (CTER) က စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတို့ရဲ့ တိုက်ပွဲတွေကြောင့် မယ်စဲ့မြို့နယ်ဒေသခံ ၅၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲ ထွက်ပြေးခိုလှုံခဲ့ရတာပါ။

နေရပ်ပြန်ပို့ခံရတဲ့ စစ်ရှောင်ပြည်သူအများစုဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားကြောင့် နေရပ်ပြန် လာခဲ့ရတာဖြစ်ပြီး အနည်းကျဉ်းကသာ မိမိဆန္ဒအလျောက် နေရပ်ပြန်လာကြတာ ဖြစ်ပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့မျာနဲ့ အမျိုးသမီးအရေးလှုပ်ရှားသူများက စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုပ်မှုများနဲ့ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ကရင်နီလူဦးရေးရဲ့ တစ်ရာခိုင်းနှုန်းမှာ သေဆုံးသွားပြီလို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အစောပိုင်းကာလများက ပြောကြားထားကြပါတယ်။

ကျန်ရှိနေသေးတဲ့ ထိုင်းနိုင်ငံရှိ ကရင်နီစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရန် ထိုင်းအစိုးရနဲ့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီတို့ကြား ညှိနှိုင်းဆောင်ရွက်မှုရှိနေကြောင်း သိရပါတယ်။

နေရပ်ပြန်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိအချိန်အထိ မူရင်းဒေသတွေထံ ပြန်သွားတာမရှိဘဲ ထိုင်း-ကယားနယ်စပ်မှာရှိတဲ့ မယ်စဲ့စစ်ရှောင်စခန်းတွေမှာပဲ အခြေအနေစောင့်ကြည့်ပြီး ဆက် လက် ခိုလှုံနေကြတယ်လို့ သိရပါတယ်။

မယ်စဲ့စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေ ထပ်များလာတာကြောင့် ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်နေပြီး အခြေခံစားနပ်ရိက္ခာ ပြတ်လပ်လာမှာကို စစ်ရှောင်အရေးကူညီနေသူတွေက စိုးရိမ်နေကြတာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ လက်လွှတ်ထားရတဲ့ မယ်စဲ့စခန်းကို ပြန်လည်သိမ်းပိုက်ဖို့ မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်နေတဲ့အတွက် စစ်ရှောင်ပြည်သူတွေမှာ စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းနဲ့ပြည်နယ်အသီးသီးတို့မှ အိုးအိမ်စွန့်ခွာရသူပေါင်း ၂ သန်းပြည့်တော့မှာ ဖြစ်ကြောင်းနဲ့ ယင်းအထဲမှ ၁.၆ သန်းကျော်မှာ ပဋိပက္ခနဲ့ မလုံခြုံမှုများတို့ကြောင့် ထွက်ပြေးရသူများဖြစ်ပြီး ၎င်းတို့အားလုံးမှာ အကူအညီများစွာလိုအပ်မှု မြင့်တက်နေကြောင်း ကုလသမဂ္ဂအဖွဲ့၏ UNOCHA က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly