စစ်ကောင်စီကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ် ညီလာခံအတွက် နေပြည်တော်မှာ လုံခြုံရေးတင်းကျပ်။

စစ်ကောင်စီကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ် ညီလာခံအတွက် နေပြည်တော်မှာ လုံခြုံရေးတင်းကျပ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို စက် တင်ဘာလ ၁၃ ရက်နေ့မှာ နေပြည်တော်မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ မြို့အနှံ့ လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ နေပြည်တော်မြို့ခံတွေက ပြောပါတယ်။

အဲဒီညီလာခံကို နိုင်ငံတော်အဆင့် အခမ်းအနားတွေကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1) အဆောက်အအုံမှာ ကျင်းပမှာဖြစ်ပြီး အဲဒီအနီးတစ်ဝိုက် အပါအဝင် နေပြည်တော်လေဆိပ်တစ်လျှောက်နဲ့ လမ်းဆုံ၊ လမ်းခွတိုင်းမှာ လုံခြုံရေး တင်းကျပ်ထားတာလို့ သိရပါတယ်။

ဒီလေတပ်ညီလာခံကို အမေရိကန်နဲ့ ဗြိတိန်က ပိတ်ဆို့အရေးယူဒဏ်ခတ်ထားတဲ့ စစ်ကောင်စီရဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းအောင်က အိမ်ရှင်အဖြစ် ဦးစီးကျင်းပမှာပါ။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား နှင့် စင်္ကာပူနိုင်ငံတို့ကတော့ လေတပ်ဦးစီးချုပ်များအစည်း အဝေးကို မြန်မာနိုင်ငံသို့ လာရောက်ကာ တက်ရောက်မှာ မဟုတ်ပဲ video စနစ်နဲ့ အစည်းအဝေးတက်မယ်လို့ သိရပါတယ်။

၂၀၂၆ မှာ မြန်မာအစား အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းယူမယ့် ဖိလစ်ပိုင်ကတော့ ဒီညီလာခံကို လူကိုယ်တိုင်မတက်ဘဲ ဗီဒီယိုသတင်းစကား ပေးပို့သွားမယ်လို့သိရပါတယ်။

စစ်ကောင်စီနဲ့ ဆက်ဆံရေးပြေလည်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ လူကိုယ်တိုင် တက်ရောက်မယ်လို့ ဆိုပါတယ်။ကျန်အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်တို့ကတော့ လေတပ်ဦးစီးချုပ်တွေရဲ့ ဒီညီလာခံကို လာတက်၊ မတက် အတိအကျ မသိရသေးပါဘူး။

ကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ သဘာဝဘေးဒဏ် တုံ့ပြန်ရေးပိုင်းမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို အာဆီယံ လေတပ်ဦးစီးချုပ်များရဲ့ နှစ်ပတ်လည် စည်းဝေးပွဲမှာ ဆွေးနွေးကြဖို့ စီစဉ်ထားတာပါ။

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ပြန်မထွန်းကားမချင်း အာဆီယံ အရာရှိတွေရဲ့ ဘယ်လို အစည်းအဝေးမျိုးကိုမဆို မြန်မာနိုင်ငံအတွင်းမှာ မကျင်းပသင့်ဘူးလို့ နိုင်ငံရေး လေ့လာသူတွေက ပြောကြားထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel ကလည်း မြန်မာနိုင်ငံက အာဆီယံ လေတပ် စစ်ဦးစီးချုပ်များ အစည်းအဝေးကို လက်ခံကျင်းပတဲ့ကိစ္စကို အံ့အားသင့်မိကြောင်းနဲ့ မြန်မာလေတပ်ဟာ ကိုယ့်ရဲ့ ပြည်သူတွေကို နှစ်နှစ်ကြာ ရက်ရက်စက်စက် သိမ်းကျုံးဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဘယ်အာဆီယံ အစည်းအဝေးကိုမှ မြန်မာစစ်တပ်ကိုရော၊ သူ့ကို ကိုယ်စားပြုသူတွေကိုပါ ဖိတ်ကြားဖို့ မသင့်ဘူးလို့ အင်တာဗျူးတစ်ခုအတွင်း ပြောကြားထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီညီလာခံကို မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ Justice For Myanmar အဖွဲ့က ဩဂုတ်လ ၃၁ ရက်ကစလို့ အကြိမ်ကြိမ် တိုက်တွန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း စစ်ကောင်စီက နိုင်ငံတစ်ဝန်း ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်ပြီး ကလေးသူငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သား ရာနဲ့ချီ သေဆုံးနေတာကြောင့် ဒီညီလာခံကို မတက်ရောက်ကြဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly