ကယားပြည်နယ် တိုက်ပွဲများကြောင့် ထိုင်းဘက် ဝင်ရောက်ခိုလှုံရသည့် မြန်မာနိုင်ငံသားဦးရေ ၄,၈၀၀ နီးပါး ရှိလာ

ကယားပြည်နယ် တိုက်ပွဲများကြောင့် ထိုင်းဘက် ဝင်ရောက်ခိုလှုံရသည့် မြန်မာနိုင်ငံသားဦးရေ ၄,၈၀၀ နီးပါး ရှိလာ

မြန်မာနိုင်ငံ ကယားပြည်နယ်၌ အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားအဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် မြန်မာနိုင်ငံသား ၄,၈၀၀ နီးပါးသည် လက်ရှိတွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်ရှိ နယ်စပ်ခရိုင်နှစ်ခု၌ ရောက်ရှိခိုလှုံလျက်ရှိကြောင်း ထိုင်းတာဝန်ရှိသူများက ပြောသည်။

မယ်ဟောင်ဆောင်ပြည်နယ် မယ်ဆာရီယန်း ခရိုင် ဆောင်ဟင်း ခရိုင်ခွဲ၊ ခွန်ယူအမ်ခရိုင် မယ်ငေါင် ခရိုင်ခွဲနှင့် မျက်နှာချင်းဆိုင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုင်း၏ ခရိုင်နှစ်ခုရှိ ယာယီခိုလှုံရာ စခန်း လေးခုတွင် ရောက်ရှိ ခိုလှုံနေသူဦးရေမှာ ၄,၇၉၈ ဦး ဖြစ်သည်။

မယ်ဟောင်ဆောင် ဒေသခံများ လှူဒါန်းသော အစားအစာ၊ ရေနှင့် အခြား အရေးပါသော ပစ္စည်းများနှင့်အတူ ဒေသတာဝန်ရှိသူများ၊ ထိုင်း ကြက်ခြေနီအသင်းတို့မှတစ်ဆင့် မြန်မာဒုက္ခသည်များကို လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ကူညီပေးလျက် ရှိသည်။

ယခုနောက်ဆုံး အသုတ် လှူဒါန်းမှုများက ဇွန်လ ၂၆ ရက်တွင် ရောက်ရှိကြောင်းနှင့် အဆိုပါ အထောက်အပံ့ပစ္စည်းများကို စခန်းလေးခုရှိ ဒုက္ခသည်များကို ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း၊ အစားအစာ၊ ရေနှင့်အဝတ်အထည် တို့နှင့်ပတ်သက်၍ လုံလောက်သည့် အထောက်အပံ့များ ရှိကြောင်း အာဏာပိုင်များက ပြောသည်။

အလားတူ ခရိုင်နှစ်ခုရှိ ထိုင်းကြက်ခြေနီအသင်း ဒေသရုံးများကလည်း လှူဒါန်းမှုများ ရရှိရေး တောင်းခံပန်ကြားလျက် ရှိသည်။

မြန်မာဘက်ရှိ အခြေအနေ မပြေလည်သေးသရွေ့ အပတ်စဉ်တိုင်း စခန်းများသို့ အရေးပါသော အထောက်အပံ့များ ပေးပို့ရန် စီစဉ်ထားကြောင်း Saphan Boon Khru Nueng ပရဟိတအဖွဲ့ တည်ထောင်သူ ချတ်ချိုင်း နွိုင်ဆာကူက ပြောသည်။

ထို့ပြင် ထိုင်း-မြန်မာ နယ်စပ် စီမံခန့်ခွဲမှု စင်တာကလည်း စခန်း လေးခု၌ မိလ္လာ၊ ရေဆိုးနုတ် စနစ်များ တည်ဆောက်၊ စီမံခန့်ခွဲရန် အဖွဲ့များ စေလွှတ်ခဲ့ပြီး စခန်း ဧရိယာများ၌လည်း လုံခြုံရေးအဖွဲ့များ ဖြန့်ကြက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly