စစ်ကောင်စီဝန်ကြီးကို ဖိတ်ပြီး မြန်မာ့အရေးဆွေးနွေးပွဲ ပြုလုပ်သည့် ထိုင်းကို အင်ဒိုနီးရှား ဝေဖန်

စစ်ကောင်စီဝန်ကြီးကို ဖိတ်ပြီး မြန်မာ့အရေးဆွေးနွေးပွဲ ပြုလုပ်သည့် ထိုင်းကို အင်ဒိုနီးရှား ဝေဖန်

မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတစ်ခုကို အိမ်ရှင်အဖြစ် ကမကထပြု ကျင်းပသည့် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားအစိုးရက ဇွန်လ ၁၉ ရက်တွင် ဝေဖန်လိုက်သည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုကို ထည့်သွင်းပါဝင်စေသည့် ထိုင်း၏ လုပ်နည်းကိုင်နည်းက အာဆီယံ ဘုံသဘောတူညီချက် ငါးချက်၏ လုပ်ပိုင်ခွင့်အာဏာကို ချိုးဖောက်ရာ ရောက်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၏ ဒေသတွင်း ဒစ်ပလိုမေစီဆိုင်ရာ အထူးဦးစီးအရာရှိ ငူရာ ဆဝါဂျာယာက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“နိုင်ငံတစ်နိုင်ငံက ဒီလိုမျိုး ဆောင်ရွက်ချက်ကို လုပ်တယ်ဆိုရင် လုပ်ပါ။ ဒါက သူတို့ရဲ့အခွင့်အရေးပဲ။ ဒါပေမယ့် အာဆီယံ အကြောင်းအရာထဲမှာ ပြောကြဆိုကြတဲ့အခါကျရင် ကျွန်တော်တို့ဟာ လေးစားလိုက်နာရမယ့် လုပ်ငန်း စည်းမျဉ်းတွေ ရှိပါတယ်” ဟု ဆဝါဂျာယာက ပြောသည်။

လုပ်ငန်း စည်းမျဉ်းစည်းကမ်းများ ဆိုသည်မှာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်နှင့် အာဆီယံ ထိပ်သီးအစည်းအဝေးများ၏ ရလဒ်များကို ရည်ညွှန်းခြင်း ဖြစ်သည်။

“ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ရည်ညွှန်းကိုးကားချက် ဖြစ်နေဆဲ ဆိုတာကို အာဆီယံခေါင်းဆောင်တွေအကြားမှာ သဘောတူညီချက်တစ်ခု ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းသော ဖြေရှင်းနည်းလမ်းတစ်ခု ရှာရန်နှင့် အားလုံးပါဝင်သော ဆွေးနွေးမှုကို အားပေးရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ပတ်သက်သူ အားလုံး ပါဝင်သော လုပ်နည်းကိုင်နည်းတစ်ခုကိုသာ လုပ်ဆောင်ရလိမ့်မည် ဖြစ်ကြောင်း ဆဝါဂျာယာက ပြောသည်။ သက်ဆိုင်ပတ်သက်သူ တစ်ဦးတစ်ယောက်နှင့်သာ ထိတွေ့ဆက်ဆံခြင်းက အာဆီယံ၏ မြန်မာ ငြိမ်းချမ်းရေး အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်း မဟုတ်ဟု ဆဝါဂျာယာက ပြောသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသက်ဝင်စေရန် အာဏာသိမ်း စစ်ကောင်စီ အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်သော၊ ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများ ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အစိုးရ တို့အပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်ပတ်သက်သူအားလုံးနီးပါးနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းထားခဲ့သည်ဟု ၎င်းက ပြောသည်။

“အားလုံးပါဝင်တဲ့ ဆွေးနွေးမှုကနေတစ်ဆင့် ပြေလည်အောင် ဖြေရှင်းတာကပဲ ရေရှည်ခိုင်မြဲတဲ့၊ တာရှည်ခံတဲ့ ငြိမ်းချမ်းမှုတစ်ခုကို ဖန်တီးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာစစ်ကောင်စီနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများကို ဇွန် ၁၉ ရက်က အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည်။

ဇွန်လ ၁၈-၁၉ တွင် ပတ္တယားတွင် ပြုလုပ်သည့် ထိုအစည်းအဝေးတွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားခဲ့သည်။

သို့သော် အင်ဒိုနီးရှား အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ထိုအစည်းအဝေးကို သဘောမတူကြောင်း ပြသသည့်အနေဖြင့် အစည်းအဝေး တက်ရောက်ရန် ငြင်းဆန်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly