မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲအတွက် ထိုင်း၏ ဖိတ်ကြားမှုကို အဓိကအာဆီယံအဖွဲ့ဝင်များ ငြင်းပယ်

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲအတွက် ထိုင်း၏ ဖိတ်ကြားမှုကို အဓိကအာဆီယံအဖွဲ့ဝင်များ ငြင်းပယ်

ထိုင်း၏ အိမ်စောင့်အစိုးရသည် ဇွန် ၁၈ ရက်တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ၌ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဧည့်ခံရန် ရှိနေသော်လည်း အပြင်းအထန် ဝေဖန်ခံထားရသည့် ထိုအစည်းအဝေးတွင် အဓိကကျသည့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကမ္ဘောဒီးယား တစ်နိုင်ငံတည်းကသာလျှင် အဆိုပါ စီစဉ်ထားသော ဒေသတွင်း ငြိမ်းချမ်းရေး အလွတ်သဘော ဆွေးနွေးပွဲကို တက်ရောက်ရန် ရည်ရွယ်ထားကြောင်း တရားဝင် အတည်ပြုထားသည်။

လက်ရှိ အကျဉ်းချခံ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဖြုတ်ချခံ အရပ်သား အစိုးရနှင့် ဆက်နွယ်သော အတိုက်အခံများနှင့် ဆွေးနွေးမှုများ စတင်ရမည့် သဘောတူညီချက်ကို လိုက်နာရန် ပျက်ကွက်ခြင်းအတွက် မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများသည် အာဆီယံအဖွဲ့၏ အဆင့်မြင့်လယ်ဗယ် အစည်းအဝေးများ၌ ပါဝင်တက်ရောက်ခွင့်မရဘဲ နှစ်နှစ်နီးပါးကြာ ပိတ်ပင်ခံထားရသည်။

သို့သော် ထိုင်းနိုင်ငံသည် ၁၀ နိုင်ငံပါ အာဆီယံအုပ်စု၏ အခြားသော နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ဆွေးနွေးရန် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဖိတ်ကြားထားကြောင်း အစည်းအဝေးနှင့်ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်နှစ်ဦးက ရိုက်တာကို ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဇွန်လ ၁၈ ရက်တွင် မြန်မာစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံ ရိုက်တာအနေဖြင့် သဘောထားမှတ်ချက်တောင်းခံရယူနိုင်ခြင်း မရှိသေးပေ။

အပန်းဖြေမြို့ ပတ္တယားတွင် စုဝေးမည့် ကတိုက်ကရိုက်ပြုလုပ်သော နှစ်ရက်တာ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ရေငုံနှုတ်ပိတ်နေခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲ မစတင်မီ လေးရက်အကြာက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အစည်းအဝေးအတွက် ဖိတ်ကြားချက်များ ပေးပို့ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ နတ်တာပါနု နိုပက်ခွန်းက ထိုအစည်းအဝေးနှင့်ပတ်သက်ပြီး ၎င်းတွင် ပြောစရာ သတင်းအချက်အလက် မရှိဟု တနင်္ဂနွေနေ့ မနက်တွင် ပြောသည်။

ထိုင်းက အိမ်ရှင်အဖြစ် ပြုလုပ်သည့် ထိုအစည်းအဝေးသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို တရားဝင်ဖြစ်မှု ကမ်းလှမ်းရာ ရောက်လိမ့်မည် ဖြစ်ကြောင်း ဝေဖန်သူများက ပြောသလို ယင်းအစည်းအဝေးက အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ် ငြိမ်းချမ်းရေး အစီအစဉ်၏ ပြင်ပတွင် ရှိနေသည့်အတွက် သင့်လျော်မှုမရှိဟုလည်း ပြောသည်။

အလားတူ ထိုင်းတွင် တိုးတက်ရေးဝါဒီနှင့် သာမန်လူထု အကျိုး ရည်မျှော်သည့် ဝါဒ ကိုင်စွဲသော ပါတီများက မေလ ၁၆ ရက် ရွေးကောက်ပွဲ၌ စစ်တပ်လိုလားသော ညွန့်ပေါင်းအုပ်စုအပေါ် အနိုင်ရခဲ့ပြီးနောက် ဩဂုတ်လတွင် အစိုးရသစ်တစ်ရပ် ထွက်ပေါ်မည်ဟု မျှော်လင့်ရချိန်တွင် ထိုင်းက အထက်ပါ ဆွေးနွေးပွဲကို လက်ရှိအချိန်တွင် မည်သည့်အတွက်ကြောင့် စီစဉ်ခေါ်ယူရသလဲ ဆိုပြီး အခြားသူများကလည်း မေးခွန်းထုတ်ခဲ့ကြသည်။

ထိုင်းတွင် ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်း တက်ရောက်မည်ဟု ကမ္ဘောဒီးယား အစိုးရက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။

သို့သော် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှား၊ စင်ကာပူ အပါအဝင် အခြားသော အာဆီယံအဖွဲ့ဝင်များက ထိုင်း၏ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့သည်။ ထိပ်သီးလယ်ဗယ် သို့မဟုတ် ယုတ်စွအဆုံး နိုင်ငံခြားရေးဝန်ကြီးလယ်ဗယ်တစ်ခုဖြင့် မြန်မာစစ်အုပ်စုနှင့် ပြန်လည် ဆက်ဆံရန် အချိန်မတိုင်သေးဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က ဇွန် ၁၆ ရက်တွင် ပြောသည်။

“ကြိုတင် ချိန်းဆိုမှုတစ်ခု” ကြောင့် မိမိတို့ နိုင်ငံခြားရေးဝန်ကြီးက ယခု အစည်းအဝေးကို တက်ရောက်မည် မဟုတ်ကြောင်း ဗီယက်နမ်အစိုးရက ပြောသည်။

မလေးရှားကလည်း အလားတူအတိုင်း တက်ရောက်မည် မဟုတ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ မေးခွန်းများကို ပြန်လည် ဖြေကြားခြင်း မရှိ‌သေးသည့် ဖိလစ်ပိုင်ကလည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို သီးခြားခွဲထုတ်ထားမည့်၊ အဆက်အသွယ် မလုပ်မည့် အုပ်စုတွင် အခိုင်အမာ ရှိနေသည်ဟု ရှုမြင်ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖြုတ်ချခံ အစိုးရကို သစ္စာခံသူများဖြင့် ဖွဲ့စည်းထားသော မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယခု ထိုင်း၏ လုပ်ဆောင်ချက်အပေါ် ပြစ်တင်ဝေဖန်ထားသည်။

“တရားမဝင်တဲ့ စစ်အုပ်စုကို ဒီ ဆွေးနွေးပွဲ တက်ဖို့ ဖိတ်တာက မြန်မာရဲ့ နိုင်ငံရေးအကျပ်အတည်းအပေါ် ဖြေရှင်းမှုအတွက် ပံ့ပိုးထောက်ကူရာ ရောက်မှာ မဟုတ်ပါဘူး” ဟု NUG က ဇွန် ၁၇ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly