ကယားပြည်နယ် တိုက်ပွဲများကြောင့် ထိုင်းဘက် ထွက်ပြေးခိုလှုံရသည့် မြန်မာစစ်ဘေးဒုက္ခသည် ၃,၆၀၀ အထိ ရှိနေ

ကယားပြည်နယ် တိုက်ပွဲများကြောင့် ထိုင်းဘက် ထွက်ပြေးခိုလှုံရသည့် မြန်မာစစ်ဘေးဒုက္ခသည် ၃,၆၀၀ အထိ ရှိနေ

မြန်မာနိုင်ငံ ကယား(ကရင်နီ) ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ဇွန်လ ၁၃ ရက်ကစ၍ မြန်မာစစ်ဘေးရှောင်ပြည်သူ ၃,၆၀၀ ကျော်သည် နယ်စပ်ကို ဖြတ်ကာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်ထဲ၌ ဝင်ရောက်ခိုလှုံနေကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၊ မယ်ဆာရန်းခရိုင် ဘန်ဆောင်ဟင် အရပ်၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ မယ်စဲ့မြို့တွင် ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် PDF ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်သည်။

KA ၊ KNDF ၊ PDF ပူးပေါင်းအဖွဲ့များက ပြည်နယ်ရှိ မယ်ဂျယ်ရဲစခန်းနှင့် စစ်ကောင်စီ စစ်စခန်းသုံးခုတို့ကို တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်က တိုက်လေယာဉ်တစ်စင်း စေလွှတ်ကာ တုံ့ပြန်ခဲ့သည်။

ထို တိုက်ပွဲများကြောင့် မြန်မာဒုက္ခသည်များ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်ထဲ အလုံးအရင်းဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ချက်သာ မိုဆစ်ခါရတ်က ဇွန်လ ၁၇ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က ပြည်နယ် နယ်စပ်လုပ်ငန်းဆောင်ရွက်ရေး စင်တာ၏ လေးကြိမ်မြောက် ထုတ်ပြန်ချက်အရ တိုက်ပွဲများ ဖြစ်ပွားနေဆဲဟု ဆိုသည်။ လက်ရှိအချိန်အထိ မြန်မာဒုက္ခသည် ၃,၆၆၉ ဦးသည် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာပြီး မယ်ဆာရန်းခရိုင် ဘန်ဆောင်ဟင်နှင့် ခွန်ယုအမ်ခရိုင် မယ်ခီးခရိုင်ခွဲရှိ ယာယီခိုလှုံရာစခန်းနှစ်ခုတို့တွင် ရှိနေကြသည်ဟု စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်အထိ ဘန်ဆောင်ဟင်တွင် ဒုက္ခသည် ၃,၀၇၆ ဦး ရှိနေပြီး ၎င်းတို့အနက် ဒုက္ခသည်တစ်ဦးသည် နာမကျန်းဖြစ်ပြီး သေဆုံးသွားသည်ဟု သိရကြောင်းနှင့် မယ်ခီးခရိုင်ခွဲ ဘန်ဖာခီအရပ်တွင် နောက်ထပ် ဒုက္ခသည် ၅၉၄ ဦး ရှိနေကြောင်း ယင်းက ထုတ်ပြန်သည်။

နယ်စပ် လုပ်ငန်းဆောင်ရွက်ရေး စင်တာအနေဖြင့် လူသားချင်းစာနာမှု ဥပဒေသများနှင့်အညီ ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် အခြားသော အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ ထိုင်းဘုရင့်နိုင်ငံအနေဖြင့် မြန်မာဘက်ရှိ ပဋိပက္ခ တိုက်ပွဲများဖြစ်သည့်အဖွဲ့များအနက် မည်သည့်ဘက်ကိုမှ ထောက်ခံမည် မဟုတ်သလို ပါဝင်ပတ်သက်မည်လည်း မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် မယ်ဆာရန်း ခရိုင် အကြီးအကဲက ဒုက္ခသည်များအတွက် အထူးသဖြင့် အစားအသောက် ကဲ့သို့ လိုအပ်သည့် ပစ္စည်းများ လှူဒါန်းပေးကြရေးအတွက် ကြက်ခြေနီအသင်းမှတစ်ဆင့် တောင်းခံပန်ကြားထားသည်။

ဘန်ဆောင်ဟင်ရှိ ယာယီစခန်းတွင် ရောက်ရှိခိုလှုံနေသည့် မြန်မာနိုင်ငံမှ လာသူများသည် အသက်အရွယ်ပေါင်းစုံဖြစ်ကြောင်း ဆူရာချာတီ ဖူအီနွိုင်က ပြောသည်။ စစ်ဘေးဒုက္ခသည်များအနက် တချို့သည် ကိုယ်ဝန်ဆောင်များဖြစ်ပြီး နေထိုင်မကောင်းဖြစ်နေသူများလည်း ပါသလို ယုတ်စွအဆုံး ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်း မရှိသည့် အခြေအနေအထိ ရှိနေသည့် မသန်စွမ်းများလည်း ပါသည်ဟု သိရသည်။

လာရောက်ခိုလှုံသည့် ဒုက္ခသည်ဦးရေက တဖြည်းဖြည်းပို၍ များလာနေသည့်အတွက် လူတိုင်းကို လုံလုံလောက်လောက် ထောက်ပံ့၊ နေရာပေးရန် ယာယီစခန်း၏ လုပ်နိုင်စွမ်းအပေါ် ဝန်ပိစေလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly