မြန်မာနိုင်ငံဆီ ရိုဟင်ဂျာ ဒုက္ခသည်များကို အတင်းအကျပ် မပြန်ခိုင်းဟု ဘင်္ဂလားဒေ့ရှ် ကတိပေး 

မြန်မာနိုင်ငံဆီ ရိုဟင်ဂျာ ဒုက္ခသည်များကို အတင်းအကျပ် မပြန်ခိုင်းဟု ဘင်္ဂလားဒေ့ရှ် ကတိပေး 

အငြင်းပွားဖွယ် ရှိနေသော အဆိုပြုထားသည့် နေရပ်ပြန်လည်ချထားရေး လုပ်ငန်းစဉ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များကို ၎င်းတို့၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး မြန်မာနိုင်ငံဆီ ပြန်စေမည်မဟုတ်ဟု ဘင်္ဂလားဒေ့ရှ်က ကတိပြုကြောင်း ထိပ်တန်း ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေအတွက် လွတ်လပ်စွာ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ရှင်းလင်းတဲ့ အဖြစ်မှန် သတင်းအချက်အလက်တွေ ရရှိသင့်တယ်”ဟု ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ လက်ထောက်မဟာမင်းကြီး ကယ်လီ ကလီမန့်က ဘင်္ဂလားဒေ့ရှ်သို့ လေးရက်တာ ခရီးစဉ်အပြီး တနင်္လာနေ့နှောင်းပိုင်း၌ ထုတ်ပြန်သည်။ 

“ဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်ပြန်ခိုင်းတာမျိုး မရှိရပါဘူး၊ ဒါကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကျွန်တော်တို့ကို ကတိပေးပါတယ်”ဟု အစိုးရတာဝန်ရှိသူများနှင့် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည့် ကလီမန့်က ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာကြသူ အများစုဖြစ်သည့် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းနီးပါးကို လက်ခံထားသည်။ မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကို ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ဆေးနေသည်။ 

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ကျူးကျော်လာသူများဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြပြီး ၂၀၁၅ ခုနှစ်က နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းကို ရပ်ဆိုင်းလိုက်၍ နိုင်ငံမဲ့များ ဖြစ်သွားသည်။ 

ဒုက္ခသည်များနှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကဲ့သို့သော လူ့အခွင့်အရေးအုပ်စုများ၏ စိုးရိမ်မှုများ ရှိလင့်ကစား ဒုက္ခသည် ၁,၁၇၆ ဦးအား အစမ်းနေရပ်ပြန်လည်ချထားမှုကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာက သဘောတူထားသည်။ 

မည်သည့် နေရပ်ပြန်မှုမဆို စိတ်ဆန္ဒအလျောက် ဖြစ်ရမည်ဟု ဘင်္ဂလားဒေ့ရှ်က ထပ်မံ ပြောဆိုသည်။ 

သို့ရာတွင် နေရပ်ပြန်မှု အစီအစဉ်သို့ ပါဝင်ရန် ခြိမ်းခြောက်ခံရသည်ဟု ရိုဟင်ဂျာအချို့က အေအက်ဖ်ပီသို့ ပြောကြသည်။ 

“ခင်ဗျား မပြန်ဘူးဆို ဒီမှာလည်း နေလို့မရဘူး၊ ခင်ဗျားကို ကျုပ်တို့ ရိုက်နှက်မယ်”ဟု ဒုက္ခသည်စခန်း ခေါင်းဆောင်များက နေ့တိုင်းလာရောက်ပြောဆိုကြောင်း အမည်မဖော်သည့် ရိုဟင်ဂျာတစ်ဦးက ပြောသည်။ 

နေရပ်ပြန်ရမည်ဟု အပြောခံရကာ မြန်မာဆီ ပြန်ရောက်သည့်အခါ လယ်မြေများ ပြန်လည်ရရှိမည်ဟု အပြောခံရကြောင်း အခြား အမည်မဖော်သည့် ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးကလည်း ဆိုသည်။ 

“ခင်ဗျား သွားရမယ်၊ ဒီမှာ နေလို့ မရဘူးလို့ သူတို့က ပြောတယ်”ဟု ၎င်းက ပြောသည်။ 

“ဒါပေမဲ့ မြေပြန်မရဘူးဆိုရင် ကျွန်တော်တို့ ဘာကြောင့် သွားရမှာလဲ၊ မြန်မာက ကျွန်တော်တို့ကို နိုင်ငံသား ဖြစ်ခွင့် မပေးဘူးဆိုရင် ကျွန်တော်တို့ ပြန်လာမှာပဲ၊ မြေတွေ ပြန်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ သွားမယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly