ရိုဟင်ဂျာများအား ရိက္ခာဖြတ်တောက်ခြင်းက ‘ဆိုးဝါးလွန်းသည်’ ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြော 

ရိုဟင်ဂျာများအား ရိက္ခာဖြတ်တောက်ခြင်းက ‘ဆိုးဝါးလွန်းသည်’ ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြော 
Photo - AA.com

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ရိက္ခာခွဲတမ်းကို “ရှက်ဖို့ကောင်းပြီး ဆိုးဝါးလွန်းသည့် ဖြတ်တောက်မှု” အား မဖြစ်မခံရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က နိုင်ငံများအား ကြာသပတေးနေ့က မေတ္တာရပ်ခံသည်။ 
 

“ဒီ ရိက္ခာဖြတ်တောက်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိတရားပေါ် အမည်းစက် စွန်းတာပဲ”ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ ရန်ပုံငွေ WFP အတွက် ရန်ပုံငွေ ရရှိမှု အားနည်းခြင်းကြောင့် ရိက္ခာလျှော့ချခြင်းနှင့်ပတ်သက်ပြီး တွမ်အင်ဒရူးက ပြောသည်။ 
 

“ဈေးနှုန်း မြင့်တက်တာကြောင့် မရှိမဖြစ် စားနပ်ရိက္ခာတွေ လျှော့ချခံရပြီးဖြစ်တဲ့ ဒုက္ခသည်စခန်းက မျှော်လင့်ချက်မဲ့နေသူတွေနဲ့ ကျွန်‌တော် စကားပြောဆိုခဲ့တယ်၊ ဒီ ရိက္ခာဖြတ်တောက်တာကို ပြန်ပြောင်းစဉ်းစားတာဟာ ရိုဟင်ဂျာ မိသားစုတွေအတွက်တော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ကိစ္စရပ်ပဲ”ဟု အင်ဒရူးက ပြောသည်။ 
 

ရိက္ခာခွဲတမ်း လျှော့ချခြင်းသည် မြန်မာစစ်တပ်၏ လူမျိုးတုံးမှုမြောက်သော တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ရိုဟင်ဂျင် ဒုက္ခသည် တစ်သန်းနီးပါးအပေါ် သက်ရောက်လိမ့်မည်ဟု ၎င်းက ပြောသည်။ 
 

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာခွဲတမ်း ဖြတ်တောက်လျှော့ချမှုတွင် ပါဝင်သော ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများထံ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က စာရေးသား မေတ္တာရပ်ခံထားသည်။ 
 

ဖြတ်တောက်မှုသည် လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ခွဲဝေသတ်မှတ်ထားမှု၏ ၃၀ ရာခိုင်နှုန်းကျော် ဖြတ်တောက်လိမ့်မည် ဖြစ်သည်။ 
 

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအတွက် “နှုတ်အားဖြင့် ထောက်ပံ့ခြင်း” များကို ကမ်းလှမ်းနေကြောင်း အင်ဒရူးက ပြောသည်။ 
 

သို့ရာတွင် ရိုဟင်ဂျာမိသားစုများအနေဖြင့် “နိုင်ငံရေး နှုတ်စကားများ” ကို စားသုံး၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly